Home » » လှောင်ပြောင် ရှုံ့ချခြင်း ခံရနိုင်သော ရွန်းနေအား ယူရို ၂၀၁၂ ပြိုင်ပွဲဆီ ခေါ်သွားသင့်သလား ဆိုသည့် နည်းပြအချို့၏ အမြင်များ

လှောင်ပြောင် ရှုံ့ချခြင်း ခံရနိုင်သော ရွန်းနေအား ယူရို ၂၀၁၂ ပြိုင်ပွဲဆီ ခေါ်သွားသင့်သလား ဆိုသည့် နည်းပြအချို့၏ အမြင်များ

Written By မောင်စေတနာ on Sunday, October 16, 2011 | 12:30:00 AM



ယနေ့ည အန်းဖီးလ်တွင် လှောင်ပြောင် ရှုံ့ချခြင်း ခံရနိုင်သော ရွန်းနေအား ယူရို ၂၀၁၂ ပြိုင်ပွဲဆီ ခေါ်သွားသင့်သလား ဆိုသည့် နည်းပြအချို့၏ အမြင်များ...

လွန်ခဲ့သော တစ်ပတ် အကြာက မွန်တီနီဂရိုး နှင့် ကစားခဲ့သော ယူရို ၂၀၁၂ ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ်အတွင်း မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ရွန်းနေသည် အပြသခံရသော တိုက်ရိုက် အနီကဒ် အပြစ်ဒဏ်ကြောင့် ၃ ပွဲပယ် ခံခဲ့ရပြီး နောက် ပြောဆို ဝေဖန်မှု၊ သူ့အပေါ် ကာကွယ်ပေးမှုများဖြင့် သတင်းမီဒီယာများတွင် ဆူညံနေသည်။

အဆိုပါ ပွဲစဉ်အတွင်း ရရှိခဲ့သော အနီကဒ် အပြစ်ဒဏ်ကြောင့် လာမည့် နွေရာသီတွင် ကစားမည့် ယူရို ၂၀၁၂ ပွဲစဉ်အတွင်း အင်္ဂလန် လက်ရွေးစင် အသင်း၏ အုပ်စုတွင်း ပွဲစဉ်များ အားလုံးကို လွဲချော်တော့မည် ဖြစ်ပြီး နည်းပြ ကာပယ်လို အနေဖြင့် ရွန်းနေကို ပြိုင်ပွဲသို့ ခေါ်သွားသင့် မသင့် ပြောဆိုမှုများလည်း ရှိနေသည်။

ယနေ့ည အန်းဖီးလ်တွင် ကစားမည့် မန်ယူအသင်း၏ ခါးသီးပြိုင်ဖက် လီဗာပူးလ်အသင်းနှင့် ပွဲစဉ်အတွင်း ရွန်းနေမှာ ပြိုင်ဖက် ပရိသတ်များ၏ လှောင်ပြောင် သရော်ခံရဖွယ် ရှိနေသည်။

ကော့ပ်ဘော့စ် ကန်နီဒဲဂလိရှ် က မွန်တီနီဂရိုးအသင်းသား Miodreg Dzudovic အား ဘောလုံးမပါပဲ ဒိုင်လူကြီး Wolfgang Stark က တိုက်ရိုက်အနီကဒ်ပြ ထုတ်ပယ် လိုက်သည်အထိ ကန်ကြောက်ခဲ့ပုံများကို မြင်တွေ့ခဲ့ခြင်း မရှိသော်လည်း ရွန်းနေကဲ့သို့သော ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက် အနေဖြင့် မကောင်းသည့် အပြုအမူများကို ပြောင်းလဲသင့်ကြောင်း လက်ခံထားသည်ဟု ပြောဆိုခဲ့သည်။



သို့သော်လည်း သူက.. "လူတွေမှာ ထူးခြားတဲ့ စရိုက် လက္ခဏာတွေ လုပ်တတ်ကြပါတယ်။ ဘောလုံးသမား တစ်ယောက်ကလည်း ဒီလိုပဲ လုပ်လေ့ရှိတာပါပဲ။ အဖြစ်အပျက်ကို ကျွန်တော် မြင်တွေ့လိုက်ခြင်း မရှိပါဘူး။ အာဆင်းဝင်းဂါး လိုလဲ ပြောမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုလုပ်လေ့ ရှိတာဟာ ရွန်းနေ တစ်ယောက်ထဲတော့ မဟုတ်ဘူး။ ဘောလုံးသမား အများစု လုပ်လေ့ လုပ်ထ ရှိပါတယ်။ ခင်ဗျားအနေနဲ့ ထူးခြားတဲ့ ပင်ကိုအရည်အသွေး၊ ပင်ကိုစရိုက် တွေကို မြင်တွေ့လိုခြင်း မရှိဘူးဆိုရင် ခင်ဗျားအနေနဲ့ ဘောလုံးပွဲ မကြည့်တာ အကောင်းဆုံးပါပဲ။ ဒါဟာ ရွန်းနေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိခဲ့သလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ဒါကို ပြောင်းလဲနိုင်စွမ်း မရှိဘူးဆိုတာ လက်ခံရပါလိမ့်မယ်။" ဟု ကန်နီဒဲဂလိရှ်က ပြောဆိုခဲ့သည်။

ကျွန်တော်က စကော့သား ဖြစ်တော့ ရွန်းနေကို ယူရို ၂၀၁၂ ပြိုင်ပွဲဆီ မခေါ်သွားပဲ အိမ်မှာသာ နွေရာသီအားလပ်ရက် ပေးလိုက်စေချင်ပါတယ် - ဒေးဗစ်မိုယက်စ် (အဲဗာတန် နည်းပြ၊ ရွန်းနေ၏ လက်ဦးဆရာ)

အဲဗာတန်အသင်း နည်းပြလည်းဖြစ်၊ ရွန်းနေ၏ လက်ဦးဆရာလည်း ဖြစ်သူ ဒေးဗစ်မိုယက်စ်က ရွန်းနေသည် အိုးထရက်ဖို့ဒ်ထက် အဝေးကွင်းများတွင် ပိုမိုခြေစွမ်းပြလေ့ ရှိသည်ဟု ဆိုသည်။ မိုယက်စ်က ရွန်းနေအပေါ် ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်းသည် အလွန်ပြင်းထန်လွန်းပြီး မညှာတာရာ ရောက်သည်ဟု ဆိုသည်။

"ပွဲပယ်ပြစ်ဒဏ် ချပုံကတော့ ရီစရာပဲ။ ယူ၇ိုပွဲစဉ်တွေ အားလုံးနီးပါး ရွန်းနေ မပါအောင် လုပ်ပစ် လိုက်သလိုပဲ။ ဒါ့ကြောင့်လည်း အင်္ဂလန်ဟာ ချန်ပီယံအသင်းထက် အားနည်းသွားတော့မှာ အမှန်ပါပဲ။ ရွန်းနေက ဒီလိုလုပ်နေကျပါပဲ။ ဒါဟာ ကောင်းတဲ့ အလေ့အထလို့တော့ မပြောနိုင်ဘူးပေါ့။ ကောင်းမွန်တဲ့ စကားတွေ ပြောစရာမရှိတဲ့အခါ သူရှိနေတာလေးကပဲ အဆင်ပြေပါလိမ့်မယ်။ အင်္ဂလန်က ရွန်းနေကို လိုအပ်ပါတယ်။ သံသယ ဖြစ်စရာ မလိုပါဘူး။ ရွန်းနေကို လက်လွှတ်ရတာဟာ သူတို့လည်း ဆုံးရှုံးရတာနဲ့ အတူတူပါပဲ။ သူတို့အနေနဲ့ ၆ လ အကြာမှာ ဖြစ်လာမယ့် ကိစ္စ တစ်ခုအတွက် အခုကတည်းက မဆုံးဖြတ်ချင်ကြပါဘူး။ ဖြစ်သင့်တာကတော့ သူ့ကို နွေရာသီ အားလပ်ရက်ကောင်း ဖြစ်စေဖို့ အိမ်မှာသာ ထားခဲ့လိုက်ပါ။ ကျွန်တော်က စကော့တလန်သားပါ။ သူအိမ်မှာ ကျန်ခဲ့တာကိုသာ ကျွန်တော် မြင်လိုပါတယ်။" ဟုပြောကြားခဲ့သည်။

သူအမှားလုပ်မိတာ ဖြစ်နိုင်ပါတယ်။ (ရွိုင်းဟော့ဆန်- ၀က်စဘရွန်းနည်းပြ)

ဝက်စ်ဘရွန်း နည်းပြ ရွိုင်းဟော့ဆန်ကလည်း "သူအမှားလုပ်မိတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရက်စက်ပြီး ကြောက်စရာ ကောင်းလောက် အောင်တော့ မဟုတ်ပါဘူး။ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမား တစ်ယောက် မပါဝင်နိုင်ဘူးဆိုရင် ဒါဟာ ကံဆိုးမိုးမှောင်ကျတာ ဖြစ်နိုင်ပါတယ်။ " ဟုပြောကြားခဲ့သည်။

အင်္ဂလန်က ရွန်းနေကို ယူရိုပြိုင်ပွဲကို ခေါ်ကို ခေါ်သွားသင့်တယ် - အာဆင်းဝင်းဂါး (အာဆင်နယ်လ် နည်းပြ)



အာဆင်နယ်လ် နည်းပြ ၀င်းဂါးက လည်း ရွန်းနေ နှင့် ပတ်သက်ပြီး "သူ့ကို ခေါ်သွား သင့်သလား၊ ကျွန်တော့် အတွက်ကတော့ မေးခွန်းထုတ်စရာ မလိုပါဘူး။ အက်ဖ်အေက သူ့ရဲ့ ပွဲပယ်ပြစ်ဒဏ် လျော့ချနိုင်ဖို့ အရာအားလုံး ကြိုးစားခဲ့သလား။ ဒါလည်း မွေးခွန်းထုတ်စရာ မလိုဘူး ထင်တယ်။ သူ့ကို ခေါ်ကို ခေါ်သွားသင့်တယ်။ သူဟာ ကြီးကျယ်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ တစ်ချို့နေ့တွေမှာ သူဟာ ဆိုးရွားတဲ့ အပြုအမူ လုပ်လေ့၇ှိတယ်။ ဒီလို အပြုအမူတွေကို ဇီဒိန်း နဲ့ အခြားသော ကြီးကျယ်တဲ့ ကစားသမားတွေ ဆီမှာ ကျွန်တော် မြင်တွေ့ခဲ့ပြီးသားပါ။ သူတို့တွေဟာ ဖိအားတွေ အောက်မှာ အလုပ်လုပ်နေရသူတွေပါ။ သူဒီလို မလုပ်သင့်ဘူး။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ရွန်းနေကို မှတ်ချက်ပြုနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားအနေနဲ့ ရွန်းနေကို ထိန်းချူပ်နိုင်မှာ မဟုတ်ဘူး။ သူဟာ ပွဲတိုင်းကို တစ်ယောက်ထဲနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိသူပါ။" ဟုပြောကြားခဲ့သည်။

ရွန်းနေကို ခေါ်သွားသင့်တယ်။ - မက္ကာသီ (၀ုဖ် နည်းပြ၊ ယခင် အိုင်ယာလန်လက်ရွေးစင်နည်းပြ)

မက္ကာသီက "ပြိုင်ပွဲကြီးတွေမှာ ဘယ်သူက ပင်နယ်လ်တီ ကန်သွင်းတာကို ခင်များ လိုလားသလဲ။ ရွန်းနေက ဒါကို လုပ်နိုင်သူပါ။ ကျွန်တော့်အသင်းသာ ဆီမီးဖိုင်နယ်လ် တက်နိုင်ခဲ့ရင် ရွန်းနေကို ထည့်မကစားပဲ နေနိုင်ပါ့မလား။ ၀ိန်းရွန်းနေကရော အင်္ဂလန် အသင်း ဖိုင်နယ်လ်တက်ဖို့အရေး မကစားပဲ နေချင်ပါ့မလား။ အသင်းကရော သူ့ကို လိုလားမလား။ အင်္ဂလန် အသင်းမှာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး ရှိနေတာပါ။" ဟုပြောကြားခဲ့သည်။

Source by :http://mutdfan.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။