Home » » ယာယီပတ်စ်ပို့ ကိုင်ဆောင် ထားသူများကို ထိုင်းရဲက ခရီးသွားခွင့်မပြု

ယာယီပတ်စ်ပို့ ကိုင်ဆောင် ထားသူများကို ထိုင်းရဲက ခရီးသွားခွင့်မပြု

Written By မောင်စေတနာ on Sunday, August 28, 2011 | 7:37:00 PM


မောင်ချစ်ကိုကိုခင်နှင့် မဟေမာန်သွယ်

ယမန်နေ့ညက ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဘန်ကောက်နှင့် ဖန်ငမြို့များသို့ သွားရောက်ကြမည့် ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသော မြန်မာအလုပ်သမား (၆)ဦးကို တာ့ခ်ခရိုင် စစ်ဆေးရေး ရဲဂိတ်မှ သွားလာခွင့် မပြုဘဲ မဲဆောက်မြို့သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ ခရီးသွားလာခွင့် မရသည့် မြန်မာ (၆)ဦးတွင် ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ၀န်ထမ်း နှစ်ဦးလည်း ပါဝင်သည်။ ၎င်းတို့ နှစ်ဦးမှာ FED၏ မဲဆောက်ရုံးခွဲမှ ၀န်ထမ်းများဖြစ်ပြီး ဖန်ငခရိုင်ရှိ FED ရုံးချုပ်သို့ အလုပ်ကိစ္စဖြင့် လာကြသူများ ဖြစ်သည်။

FEDမှ လက်ထောက် ဒါရိုက်တာ ဒေါ်အိုက်ချမ်းလည်း ထိုဝန်ထမ်းများနှင့်အတူ လိုက်ပါလာရာ ၎င်းတွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ကိုင်ဆောင်ထားသော်လည် မိမိဌာနမှ ၀န်ထမ်းများနှင့်အတူ ကားပေါ်မှ ဆင်းကျန်နေခဲ့သည်။

ဒေါ်အိုက်ချမ်းက “ပိုက်ဆံ အများကြီး အကုန်ခံပြီး ယာယီပတ်စ်ပို့ လုပ်ကြတာ အလုပ်သမားတွေ လွတ်လွတ်လပ်လပ် သွားလာချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီလို ခရီးသွားလာခွင့် မရရင် ဒီယာယီပတ်စ်ပို့ကို ဘယ်သူလုပ်အုံးမလဲ။ ဘယ်လို ယုံကြည် ရတော့မလဲ။ ဒါဆိုရင် လူကုန်ကူးမှုတွေ ပိုဖြစ်လာတော့မှာပေါ့။ ထိုင်းအာဏာပိုင်တွေ အနေနဲ့ ဒါမျိုး မလုပ်သင့်ပါဘူး”ဟု ပြောသည်။

ထိုင်းရဲများက မဲဆောက်မြို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနမှ ခရီသွားလာရန် ခွင့်ပြုချက် မပါသဖြင့် ခွင့်မပြုနိုင်ကြောင်း ပြောဆိုပြီး မဲဆောက်မြို့သို့ ပြန်လည်ပို့ဆောင် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ခရီးသွားလာခွင့် မရသည့် FED ၀န်ထမ်းနှစ်ဦးမှာ မဟေမာန်သွယ် ယာယီပတ်စ်ပို့ အမှတ် (KT- 373 704)နှင့် မောင်ချစ်ကိုကိုခင် ယာယီပတ်စ်ပို့ အမှတ်(KT-373 748)တို့ ဖြစ်ကြသည်။

FEDမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “ကျနော်တို့က မြန်မာအလုပ်သမားတွေအတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်း ဖြစ်သလို ထိုင်းနိုင်ငံအတွက်လည်း အများကြီး အကျိုးပြုနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒီလို အဖွဲ့အစည်းက တရားဝင် ယာယီပတ်စ်ပို့ လုပ်ထားတဲ့ ၀န်ထမ်းတွေကိုတောင် ထိုင်းရဲတွေက ဒီလို အနှောက်အယှက်ပေးရင် ရိုးရိုးသာမန် အလုပ်သမားတွေ ဆိုရင် ထိုင်းရဲတွေ လုပ်ချင်သလို လုပ်တော့မှာပေါ့”ဟု ပြောသည်။

ငွေကြေးများစွာ အကုန်အကျခံပြီး ယာယီပတ်စ်ပို့ လုပ်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရများ ထုတ်ပြန် ပြောဆိုခဲ့သည့်အတိုင်း လွတ်လပ်စွာ သွားလာခွင့်နှင့် နေထိုင် အလုပ်လုပ်ကိုင်ခွင့်များ အာမခံချက် ရှိကြောင်း ပြသရန် လိုအပ်သည်ဟု ဦးထူးချစ်က ထောက်ပြ ပြောဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် FED သည် ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားပြီး ၀န်ထမ်းအင်အား (၉၀)ခန့်ဖြင့် အခြေခံလူထု ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Source by :http://www.ghre.org/mm/news/635-2011-08-24-05-02-30/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။