Home » » သရုပ်ဆောင် ၀ါဆိုမိုးဦး နှင့် တွေ့ဆုံခြင်း ...

သရုပ်ဆောင် ၀ါဆိုမိုးဦး နှင့် တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Friday, July 29, 2011 | 11:04:00 PM

http://www.weeklyeleven.com/images/stories/July11/Bi/e4173.jpg

‘အနုပညာအလုပ်ကို တစ်ကျော့ပြန်ဝင်လာပြီး လုပ်ဖြစ်တဲ့အချိန်မှာ ပေါင်းသင်းဆက်ဆံရေးက
အရမ်း အရေးကြီးတယ်ဆိုတာ သိခဲ့ရတယ်’၊ သရုပ်ဆောင် ၀ါဆိုမိုးဦးနှင့် တွေ့ဆုံခြင်း ...

ကလေး သရုပ်ဆောင်တစ်ဦး အဖြစ်မှသည် အသက် ၁၄ နှစ်အရွယ်ခန့်မှ စတင်၍ သရုပ်ဆောင်တစ်ဦး အဖြစ်သို့ ကူးပြောင်းဝင်ရောက်ခဲ့သူ၊ အကယ်ဒမီ ဗန်းကိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်မှအစပြု၍ ပရိသတ်နှင့် ရင်းနှီးခွင့်ရခဲ့သူ ၀ါဆိုမိုးဦးသည် အချိန်တိုအတွင်းမှာပင် ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးလာသည် ကိုတွေ့မြင်ရသည်။ လတ်တလော ထွက်ရှိထားသော ‘အိုအေစစ်’ ဗီဒီယိုဇာတ်ကားတွင် ပရိသတ် အတိုင်းအတာတစ်ခုအထိ လက်ခံခဲ့သည့်အပြင် ဂျာနယ် မဂ္ဂဇင်း စာမျက်နှာများထက်နှင့် အနုပညာ လှုပ်ရှားမှုများတွင်လည်း တက်ကြွ သွက်လက်သူတစ်ဦးအဖြစ် တွေ့ မြင်ရသူဖြစ်သည်။ ၀ါဆိုမိုးဦးနှင့်တွေ့ဆုံဖြစ် သည့်အခိုက် သူဖြတ်သန်းခဲ့သည့် အနုပညာခရီးလမ်း၊ သူယုံကြည်ရာပန်းတိုင်၊ လက်ကိုင်ထားသည့် ခံယူချက်တို့ကို မေးမြန်းဖြစ်ခဲ့ရာ . . .

မေး ။ အနုပညာ ခရီးလမ်းအစ အကြောင်းကို ပြောပြပေးပါလား။

ဖြေ ။ ၀ါဆိုက ကလေးသရုပ်ဆောင် အဖြစ် စလုပ်ဖြစ်ခဲ့တာ။ အသက် ၁၃ နှစ်မှာတော့ ကားရိုက်တာတွေ ခဏနားပြီး ကျောင်းစာပဲ သေချာပြန်လုပ်ဖြစ်တယ်။ အသက် ၁၄ နှစ်မှာ ကားရိုက်တွေ ပြန်လာခေါ်ကြတာနဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ဆက်လုပ်ဖြစ်သွားတာပါ။

မေး ။ ကလေး သရုပ်ဆောင်အဖြစ် လုပ်ဖြစ်တာဆိုတော့ ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တာလား။

ဖြေ ။ ကလေး သရုပ်ဆောင်စ လုပ်တုန်းကတော့ ၀ါသနာပါလို့ရယ် ရည်ရွယ်ချက်ကြီးနဲ့ မဟုတ်ပါဘူး။ ကလေး ပီပီဝင်လုပ်ဖြစ်တာပဲရှိတာ။ အခုတစ်ခေါက် ပြန်လုပ်ဖြစ်တဲ့ အချိန်ကျမှပဲ ဒီအနုပညာအလုပ်ကို တကယ်ဝါသနာပါမှန်း ကိုယ့်ကိုယ်ကိုယ် သိခွင့်ရတာ။

မေး ။ အကယ်ဒမီ ဗန်းကိုင်တစ်ယောက်အဖြစ် ပါဝင်ခွင့်ရတာကရော အနုပညာခရီးအတွက်တစ်စိတ် တစ်ပိုင်းအထောက်အကူ ဖြစ်ခဲ့တယ်လို့ ဆိုလို့ရမလား။

ဖြေ ။ အကယ်ဒမီ ဗန်းကိုင်အဖြစ် ကိုးတန်းတက်နေရင်းနဲ့ အိမ်က အဒေါ်တွေက လျှောက်ပေးတာ။ အခုလို ပါခွင့်ရမယ်လို့လည်း လုံးလုံး မမျှော်လင့်ထားဘူး။ ဖုန်းဆက်အကြောင်းကြားလာတော့ တော်တော်လေးကို အံ့အားသင့် မိတယ်။ ဗန်းကိုင်တစ်ယောက်အဖြစ် ပါဝင်ခွင့်ရတာက ပရိသတ်နဲ့ပိုပြီး ရင်းနှီး ခွင့်ရသွားတယ်လို့ ထင်ပါတယ်။

မေး ။ ဒီလောကထဲကို တိုးဝင်လာတဲ့ ၀ါသနာရှင်တွေကတော့ အများကြီးပဲလေ။ အဲဒီအများကြီးထဲက တိုးထွက်နိုင်ဖို့ရော ဘယ်လိုပြင်ဆင်လဲ။

ဖြေ ။ ၀ါဆိုတို့လို ဆယ်ကျော်သက်တွေ အနုပညာလောကထဲ ၀င်လာတာ အများကြီးပါပဲ။ အဲဒီထဲကမှ ကိုယ့်ကို ထူးထူးခြားခြား အသိအမှတ်ပြုခံရဖို့ ဆိုတာကတော့ ကြိုးစားရတာပေါ့နော်။ ဇာတ်ကားတစ်ကား ရိုက်ပြီဆိုလည်း တစ်ခန်းပဲပါရ နှစ်ခန်းပဲပါရပါရ အဲဒီလုပ်ခွင့်ရသလောက်ကို ဘယ်လောက်ထိ အကောင်းဆုံး လုပ်နိုင်မလဲဆိုတာ စဉ်းစားပြီး အမြဲလုပ်ဖြစ်တယ်။

မေး ။ ၀ါဆိုရိုက်ခဲ့တဲ့ ကားတွေထဲမှာ ကာရိုက်တာ အများစုက နူးနူးညံ့ညံ့ ဖန်စီပုံစံတွေ မဟုတ်ဘူးနော်။

ဖြေ ။ ဟုတ်တယ်။ ပထမဆုံးကားဖြစ်တဲ့ ‘အချစ်များ’ မှာကတည်းက ၀ါဆိုက နူးနူးညံ့ညံ့ ပုံစံမျိုးမဟုတ်ခဲ့ဘူး။ နောက်ပိုင်းလာငှားတဲ့ ဇာတ်တွေမှာလည်း အဲဒီလိုပုံစံဆန်ဆန် ခပ်မာမာ ဇာတ်ကောင်စရိုက်မျိုးတွေ လာငှားတာ များတယ်။ ၀ါဆိုနဲ့ အဲဒီကာရိုက်တာနဲ့ လိုက်တယ်လို့မြင်ပြီး လာငှားကြတာထင်ပါတယ်။ ၀ါဆိုလည်း ပုံစံတစ်မျိုးတည်း ချည်းတော့ အမြဲမလုပ်ချင်ဘူး။ ပုံစံကွဲလေးတွေ သရုပ်ဆောင်ခွင့်ရချင်ပါတယ်။

မေး ။ ကားရိုက်လက်ခံဖြစ်တဲ့ အပိုင်းကရော။

ဖြေ ။ လာပြောတဲ့ ကားတွေထဲကမှ ၀ါဆိုလုပ်နိုင်တဲ့ ကာရိုက်တာလားဆိုတာ ပထမဆုံး စဉ်းစားတဲ့အချက်ပါ။ နောက်တစ်ချက်က ပရိသတ်အတွက် ဘယ်လောက် လုပ်ပြခွင့်ရှိမလဲဆိုတာ စဉ်းစားပြီးတော့ လက်ခံဖြစ်တာ များတယ်။

မေး ။ စုစုပေါင်း ဘယ်နှကားလောက် ရိုက်ပြီးသွားပြီလဲ။ အဲဒီကားတွေထဲက အမှတ်တရ ဖြစ်တဲ့ကား ရောရှိလား။

ဖြေ ။ ဇာတ်ကားစုစုပေါင်း သုံးဆယ်ကျော်ရိုက်ပြီး သွားပါပြီ။ အဲဒီထဲကမှ ကိုစိုင်းစိုင်းခမ်းလှိုင်နဲ့ သရုပ်ဆောင်ထားတဲ့ ‘အိုအေစစ်’ ဆိုတဲ့ ဇာတ်ကားလေးကို ပရိသတ်တွေ ကြိုက်ကြတယ်ဆိုတဲ့ အသံ ကြားရတော့ အမှတ်တရ ဖြစ်တာပေါ့။ နောက်ထပ် အမှတ်တရဖြစ်တဲ့ ကားက ကိုနိုင်းနိုင်းနဲ့ ရိုက်ထားတဲ့ ဇာတ်ကားလေးပါ။ ၀ါဆိုရဲ့ အပြင်က ဘ၀ကို ပြန်ရိုက်ထားတာ။ ၀ါဆိုနဲ့ အစစအရာရာ စီစဉ်ပံ့ပိုးပေးတဲ့ အဒေါ်သုံးယောက်ရဲ့အကြောင်းပေါ့။ အပြင် ကဖြစ်နေတဲ့ အတိုင်းလေး ရိုက်ရတာဆိုတော့ စိတ်ပေါ့ပေါ့ပါး ပါးနဲ့ အရမ်းပျော်စရာ ကောင်းခဲ့ပါတယ်။ အဲဒါလေးကတော့ အမှတ်တရပေါ့။

ဖြေ ။ လူငယ်အနုပညာရှင် တစ်ယောက်အတွက် လျှောက်လှမ်းတဲ့ခရီးမှာ ခံယူထားတာကရော။

ဖြေ ။ ၀ါဆို ငယ်ငယ်ကတည်းက မှတ်သားဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ ကြောက်သော်လွဲ ရဲသော်ရ၏တဲ့။ မကြောက်သင့်တဲ့ အရာတွေကို မကြောက်အောင်စိတ်ကို မွေးမြူထားပါတယ်။ ၀ါဆိုစင်ပေါ်တက်ရမှာကြောက်ခဲ့ ရင်၊ ကင်မရာရှေ့ရပ်ရမှာကြောက်ခဲ့ရင် ဒီနေ့ဒီအချိန်မှာ အခုလို ရပ်တည်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ၀ါဆို မှန်ကန်သော နည်းလမ်းနဲ့ မကြောက်တတ်အောင်၊ ရဲဝံ့အောင် လေ့ကျင့်ယူပါတယ်။ အဲဒါကတော့ ၀ါဆိုလက်ကိုင် ထားတဲ့ခံယူချက်ပါ။

မေး ။ အနုပညာမျိုးရိုး မရှိဘဲ ဖြတ်သန်းရတာဆိုတော့ အခက်အခဲ ကြုံရတာမျိုးရှိလား။

ဖြေ ။ အခက်အခဲ ကြီးကြီးမားမား ကြုံရတာမျိုးတော့ မရှိပါဘူး။ အဒေါ်တွေကလည်း ၀ိုင်းပြီးပံ့ပိုးပေးကြပါတယ်။ အချင်းချင်း တိုက်ခိုက်တာမျိုးလောက်ပဲ ကြုံရပါတယ်။ အဲဒါကိုလည်း စိတ်ထဲမှာမထားဘဲ အချိန်တန်ရင် ပျောက်သွားမယ်ဆိုတာမျိုးပဲ စိတ်ထဲမှာ ခံယူထားပါတယ်။

မေး ။ ၀ါဆိုကလှုပ်ရှားမှုတွေ၊ ပွဲတွေမှာအမြဲပဲ တက်တက်ကြွကြွ ဖြစ်နေတယ်နော်။ အဲဒါက ပင်ကိုစရိုက်လား။

ဖြေ ။ ဒီအနုပညာအလုပ်ကို တစ်ကျော့ပြန်ဝင်လာပြီး လုပ်ဖြစ်တဲ့အချိန် မှာ ဒီလောကမှာ ပေါင်းသင်း ဆက်ဆံရေးက အရမ်းအရေးကြီးတယ်ဆိုတာ သိခဲ့ရတယ်။ တစ်ယောက်လောက်နဲ့ အဆင်မပြေဘူးဆိုတာနဲ့ တော်တော် ကို ဒုက္ခရောက်တတ်တာမျိုးလေ။ ဒါကြောင့် ၀ါဆို ဘယ်သူ့ကိုမဆို ဘယ်နေရာမှာမဆို အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံတတ်ဖို့ ကြိုးစားခဲ့တယ်။ ၀ါဆိုက ငယ်ငယ်ကတည်းက တက်တက်ကြွကြွ နေရတာကို ကြိုက်တယ်။ အရမ်းကြီး ငြိမ်ပြီးနေရတာမျိုးကို သိပ်မကြိုက်ဘူး။ ဒါကြောင့်အခု ဒီအလုပ်တွေ လုပ်ဖြစ်တော့လည်း ဘယ်ကိစ္စမှာမဆို တက်တက်ကြွကြွပဲ ပါဖြစ်၊ သွားဖြစ်လာဖြစ်တာပါ။

မေး- လတ်တလော အနုပညာလှုပ်ရှားမှုဆိုရင် ဘာလုပ်ဖို့ရှိလဲ။

ဖြေ- ကိုသူထူးစံနဲ့ ဗီစီဒီရိုက်ထားတယ်။ ၀ါဆိုရဲ့မွေးနေ့ပွဲလေးကို အနုပညာ မောင်နှမတွေနဲ့ကျင်းပဖို့ ရှိတယ်။ လကုန်ပိုင်းမှာတော့ ဇာတ်ကားရိုက်ဖြစ်မှာပါ။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။