Home » » 'ပရိသတ်က အထိုက်အလျောက်လည်း အသိအမှတ်ပြုလာတဲ့အတွက် ကျေနပ်ပါတယ်'၊ ဖွေးဖွေးနှင့် တွေ့ဆုံခြင်း

'ပရိသတ်က အထိုက်အလျောက်လည်း အသိအမှတ်ပြုလာတဲ့အတွက် ကျေနပ်ပါတယ်'၊ ဖွေးဖွေးနှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Monday, March 28, 2011 | 4:58:00 AM

e3529မော်ဒယ်လ်တစ်ဦး အဖြစ်နှင့်တော့ အထွေအထူး မိတ်ဆက်ရန်မလိုသည့် မိန်းကလေးတစ်ဦး။ သူမ၏ သရုပ်ဆောင်တစ်ဦးအဖြစ် လှုပ်ရှားမှုကတော့ အနည်းငယ် စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။ 'လေနှင်ရာတိမ်တိုက်များ' ရုပ်သံဇာတ်လမ်းတွဲနှင့် 'သမုဒယ' ရုပ်ရှင်ကားကြီးတို့တွင် သရုပ်ဆောင်ခဲ့သော်လည်း ပရိသတ်ကြည့်ရှုခွင့်ရသည့် အနေအထားတစ်ခုသို့တော့ ရောက်ရှိမလာခဲ့။

ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား 'လက်ပံ'တွင်လည်း အခက်အခဲ အထစ်အငေါ့များစွာနှင့် သတင်းစကားများ ဆူညံခဲ့ပြန်သည်။


ယင်းသို့ အခြေအနေများအား ဖြတ်ကျော်ခဲ့ရသည့် ဖွေးဖွေးက သူပါဝင်ထားသည့် ဗီဒီယိုဇာတ်ကားများကို ၂၀၁၀ နှစ်ကုန်ပိုင်းနှင့် ၂၀၁၁ နှစ်ဆန်းပိုင်းတို့တွင် ဆက်တိုက်ဆိုသလို ပရိသတ်ရှေ့မှောက် ရောက်ရှိလာစေခဲ့ရာ 'တစ်ခါက'၊ 'ရင်ခုန်သံ'၊ 'မောင်ရှေ့ကို တည့်တည့်လျှောက်မယ်လေ'၊'၂၄နာရီတစ်ရက်'ဇာတ်ကားများနှင့် သရုပ်ဆောင်တစ်ဦးအဖြစ် အသိအမှတ် ပြုစေခဲ့သည်။ ဖွေးဖွေး၏အနုပညာနှင့် ပတ်သက်သည့် ရင်ခုန်သံ၊ လူငယ်တစ်ယောက်၏ မျှော်လင့်ချက်၊ ပြင်ဆင်မှုတို့ကို မေးမြန်းဖြစ်ခဲ့ရာ . . . . .

မေး- လတ်တလော ထွက်ထားတဲ့ ကားတွေထဲက 'ရင်ခုန်သံ'တို့ မောင်ရှေ့ကိုတည့်တည့်လျှောက်မယ်လေ'တို့၊ '၂၄ နာရီတစ်ရက်' တို့ ကားတွေကို ပရိသတ်ဆက်တိုက် အားပေးကြတယ်နော်။ အဲဒီကားတွေ ရိုက်ခဲ့တုန်းက အမှတ်တရ အကြောင်းအရာလေးတွေ အရင်ပြောပြပါလား။

ဖြေ- 'ရင်ခုန်သံ' တုန်းက ဖွေးဖွေး ခဏခဏမှားတယ်။ အဲဒီအတွက် ကိုပြေတီဦးတို့က ဖွေးကိုစောင့်ပြီး ရိုက်ရတာပေါ့နော်။ 'တစ်ခါက' ကျတော့ ရေစပ်နားကို ကားထိုးရပ်လိုက်တဲ့ အခန်းရိုက်ဖို့ ကားမောင်းအမြန်သင် လိုက်ရတယ်။ အဲဒီကားလေးတွေ အကုန်လုံးက အရင်ဖွေးလုပ်ဖူးတဲ့ ပုံစံမျိုးတွေလည်း မဟုတ်တဲ့အတွက် တော်တော်လေးကို ကြိုးစားလိုက်ရပါတယ်။ ဒါရိုက်တာတွေကလည်း ၀ိုင်းသင်ပေးကြသလို ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း တွဲခေါ်ပေးတာ မျိုးတွေရှိတယ်။ ဖွေးဘက်ကလည်း အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။

မေး- 'မောင်ရှေ့ကိုတည့်တည့်လျှောက် မယ်လေ' ဇာတ်ကားမှာ လုပ်ရတဲ့ ကာရိုက်တာက အိမ်ထောင်သည် မိန်းကလေးတစ်ယောက် ဆိုတော့ အခက်အခဲ ရှိခဲ့သေးလား။

ဖြေ- အခက်အခဲရှိခဲ့တယ်။ အဲဒီကား ကပထမဆုံးအိမ်ထောင်သည် ဇာတ်ရုပ်အနေနဲ့ လုပ်ဖူးတာဆိုတော့ ချစ်ခန်း ကြိုက်ခန်းတွေဆိုရင် ခဏခဏပြန်ရိုက်ရတယ်။ အားနာသလိုလို ရှက်သလိုလို ဖြစ်နေတာလေ။ ဒါကြောင့် တော်တော်လေးကို ကြိုးစားပြီးလုပ်ခဲ့ရတယ်။ အ၀တ်အစားပိုင်းဆိုလည်း ပြင်ဆင်ရတာတွေ ရှိတယ်။ ဒါပေမယ့် အခုကားလေး ထွက်လာတဲ့အချိန်မှာ ပရိသတ်အားပေးတယ်ဆိုတော့ ဖွေးကြိုးစားခဲ့တာလေးတွေ အသိအမှတ် ပြုတဲ့အတွက် ၀မ်းသာပါတယ်။

မေး - ၂၀၁၁ အတွက် ကားရိုက်ရွေးချယ်မှုကိုရော ဘယ်လိုစဉ်းစားထားလဲ။

ဖြေ- ဖွေးအရင်ကတည်းကလည်း ဇာတ်ကားအရေအတွက်တွေ အရမ်းများပြီး တစ်ကားကိုမှပရိသတ် မမှတ်မိတော့တာမျိုး မဖြစ်ချင်ခဲ့ဘူး။ အခု ဖွေးလက်ခံပြီးရိုက်တဲ့ ကားလေးတွေ က ပရိသတ် မှတ်မှတ်ထင်ထင် ဖြစ်စေတယ် ဆိုတဲ့အခါကျတော့ ဖွေး ပျော်တာပေါ့နော်။ ဒီအတွက် ၂၀၁၁ ထဲမှာ ဖွေးတကယ်လည်း လုပ်နိုင်လောက်တဲ့ ဇာတ်ရုပ်မျိုး ပရိသတ်အတွက်လည်း လက်ခံနိုင်လောက်တဲ့ ဇာတ်ကားမျိုးတွေပဲ ရွေးပြီးရိုက်ကူး ဖြစ်သွားမှာပါ။

မေး- ဇာတ်ရုပ်ပိုင်းကျတော့ ဘယ်လိုပုံစံမျိုးတွေ အဓိကထားရိုက်ထားလဲ။

ဖြေ- ဇာတ်ရုပ်ပိုင်းကတော့ ဒရာမာ ကြိုက်တဲ့ ပရိသတ်များသလို ဟာသကြိုက်တဲ့ ပရိသတ်လည်းများတယ်။ ဒါကြောင့်မျှပြီးတော့ ရိုက်ပါတယ်။ အခုကတော့ ဒရာမာတွေရိုက်ရတာများ နေပေမယ့် ဟာသကားလေးတွေရိုက် ထားတာလည်း ထွက်လာဖို့ရှိပါတယ်။

မေး- ဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့ အ၀တ်အစား၊ မိတ်ကပ်အပိုင်းတွေကို ပြင်ဆင်တာမျိုးရော ရှိလား။

ဖြေ - ရှိပါတယ်။ ဇာတ်ကား မရိုက် ခင် တစ်ပတ်လောက်အလိုကတည်း က ကိုယ်လုပ်ရမယ့် ဇာတ်ရုပ်ကို ကြိုသိပြီးသားဆိုတော့ ဇာတ်ရုပ်နဲ့လိုက်တဲ့ ၀တ်စားဆင်ယင်မှုအပိုင်းကိုလည်း ကြိုပြီးပြင်ဆင်ဖြစ်တာများပါတယ်။ ဖွေးက နဂိုပုံစံဆိုရင် ယောက်ျားလေးဆန်ဆန် ဒီဇိုင်းမျိုးတွေ ၀တ်ဖြစ်တာများတယ်။ ဒါပေမယ့် ကာရိုက်တာပိုင်း အရဆိုရင်တော့ မိန်းကလေးဆန်မှရမယ်၊ ဟော့ရှော့ဖြစ်မှရမယ် စသဖြင့် လိုက်ဖက်တာကို စဉ်းစားပြီး ဒီဇိုင်နာနဲ့ တိုင်ပင်ဖြစ်ပါတယ်။

မေး- လက်ပံမှာတုန်းက လက်ပံဖြစ်ဖို့ ကြိုပြင်ဆင်ခဲ့သလို နှလုံးသားအဘိဓာန် အတွက် ဆွံ့အနားမကြား ကောင်မလေးဖြစ်ဖို့ ဆရာခေါ်သင်တယ်လို့လည်း သိရတယ်။

ဖြေ- အခုလောလောဆယ် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်တွေကတော့ နည်းသေးတာပေါ့နော်။ ကြာလာရင်တော့ ဇာတ်ကောင်စရိုက်တွေ ထပ်လာနိုင်ပါတယ်။ ဇာတ်ကားတွေထဲမှာ ဖွေးဖွေးဆိုတာ ပျောက်သွားပြီး နားမကြားတဲ့ဇာတ်ရုပ်ဆိုလည်း နားမကြားတဲ့ကောင်မလေး၊ ဆိုးတဲ့ဇာတ်ရုပ်ဆိုလည်း ဆိုးတဲ့ကောင်မလေးတစ်ယောက် ဖြစ်သွားချင်တယ်။ အဲဒီလို ရိုက်မယ်ဆိုလည်း နားထဲမှာဂွမ်းတွေဆို့ပြီး စကားလည်း မပြောတော့ဘူး။

မေး - ဇာတ်ကောင်စရိုက်ပိုင်းအရ အလှကိုဦးစားပေးလို့ မရတာမျိုးတွေ ကြုံလာရင်ရော သဘာဝကျဖို့ပဲ ဦးစားပေးဖြစ်လား။

ဖြေ -ဖွေးအနေနဲ့ကတော့ ဇာတ်ကောင်စရိုက်ကိုပဲ အဓိကဦးစားပေးပါတယ်။ လှဖို့လိုအပ် တဲ့နေရာမှာလှအောင်ပြင်သလို လှဖို့မလိုဘူးဆိုရင်လည်း အလှပြင်မှာတော့မဟုတ်ပါဘူး။

မေး -ဖွေးကြိုးစားခဲ့တဲ့ ကာလတွေနဲ့ အခုပရိသတ်စပြီး အသိအမှတ်ပြုခံရတဲ့ အချိန်နှိုင်းယှဉ်ကြည့်ရင် ကျေနပ်ရဲ့လား။

ဖြေ - လုပ်တဲ့အရာတွေက အထစ်အငေါ့ ဖြစ်တာတွေများတယ်။ အခု ၂၀၁၁ ထဲမှာတော့ ဖွေးဖွေးဇာတ်ကားလေးတွေ ဆက်တိုက်ထွက်လာတယ်။ အခု ပရိသတ်က အထိုက်အလျောက်လည်း အသိအမှတ် ပြုလာတဲ့အတွက် ကျေနပ်ပါတယ်။ အခု ဖွေးဖွေးဖြစ်ချင်တာလေးတွေ ဖြစ်လာတဲ့အတွက် ဖွေးကိုအားပေးတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။


Source by :http://www.news-eleven.com/
Share this article :

1 comments:

မိုးယံ said...

ဖေးဖေးရေးဂ ချစ်ချာရေးနော်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။