Home » » ဒုက္ခသည်များ ကိုယ့်အားကိုယ်ကိုးရမည်။

ဒုက္ခသည်များ ကိုယ့်အားကိုယ်ကိုးရမည်။

Written By မောင်စေတနာ on Saturday, March 19, 2011 | 5:00:00 PM

ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်များ ကိုယ့်အားကိုယ်ကိုး နိုင်ရေးအတွက် ၀င်ငွေရရှိသည့် အသက်မွေး ၀မ်းကျောင်း ပညာများ သင်ကြားနိုင်မည့် အစီအစဉ် ပြုလုပ်ပေးသွားမည်ဟု ဥရောပသမဂ္ဂ အဖွဲ့ (EU) က ပြောသည်။

mae-la-courses-on-motorbike-mechanics

မယ်လ ဒုက္ခသည်စခန်းတွင်း၌ ၂၀၀၉ ခုနှစ်က ဒုက္ခသည်များ မော်တော်ဆိုင်ကယ်နှင့် ပတ်သက်ပြီး စာတွေ့သင်တန်း တက်ရောက်နေစဉ် (ဓာတ်ပုံ - ECHO RIO Bangkok / Flickr)

လက်ရှိ ဒုက္ခသည်များကို ပေးနေသည့် အကူအညီများ လျှော့ချသွားမည် ဖြစ်သောကြောင့် ယင်းသို့ စီစဉ်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

EU ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးရေးဌာန အကြီးအကဲ မစ္စ ခရစ္စတလီနာ ဂျော့ဂျီဗာ (Ms Kristalina Georgieva) ဦးဆောင်သည့် ၈ ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် မယ်လ ဒုက္ခသည်စခန်းသို့ လာရောက်ပြီး စခန်းကော်မတီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။



မယ်လ စခန်း ဥက္ကဌ စောထွန်းထွန်းက “EU တာဝန်ရှိသူတွေ ပြောတာက လက်ရှိဒုက္ခသည်တွေကို ပေးနေတဲ့ အရေးပေါ် အကူအညီတွေကို တနှစ်ခြင်း လျှော့ပြီး ပေးသွားမယ်၊ တဖက်ကလည်း ဒုက္ခသည်တွေ အနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်တဲ့အထိ သူတို့ကူညီသွားမယ်လို့ ပြောတယ၊် ဒုက္ခသည်တွေ ၀င်ငွေရမယ့် အသက် မွေးဝမ်းကျောင်း ပညာသင်ကြားပေးမယ့် အစီအစဉ်တွေ ဆောင်ရွက်သွားမယ့် အကြောင်းတွေလည်း ဆွေးနွေးခဲ့ကြတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ယင်း အစီအစဉ်နှင့် ပတ်သက်၍ EU အဖွဲ့က ဒုက္ခသည်များ၏ သဘောထားများကို မေးမြန်းရာတွင် ဒုက္ခသည်အများစုက ဂုဏ်သိက္ခာရှိစွာဖြင့် ဘ၀ကိုရပ်တည်လိုကြပြီး သမာအာဇီဝဖြင့် ၀င်ငွေရရှိနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများကို လိုလားကြသည်ဟု သဘောထား ပေးကြသည်။

မယ်လဒုက္ခသည်စခန်း ဇုန်စီတွင် နေထိုင်သည့် စောကညောဖိုးက“စခန်းထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ်၊ ပိုက်ဆံရတဲ့ အလုပ်တွေလုပ်ချင်တဲ့လူတွေ အများကြီးပဲ၊ အခုနေရတဲ့ဘ၀ကို နှစ်တွေကြာလာတော့ စိတ်ပျက်လာတယ်၊ ဒါပေမယ့် ဒီလိုပဲ ဆက်နေရတယ်၊ သွားစရာနေစရာမရှိတော့ ဘာမှမတတ်နိုင်ဘူး၊ အခုဆိုရင် စခန်းအပြင်ခိုးထွက်ပြီး အလုပ် လုပ် တာမိရင် အပြစ်ပေးခံရတာ၊ အရိုက်ခံရတာတွေလည်း ရှိတယ်”ဟု ပြောသည်။

ယင်းသို့ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် အသိပညာ အတတ်ပညာ သင်ကြား ပေးခြင်းသည် ဒုက္ခသည်များ၏ ဘ၀ကိုမြှင့်တင်ပေးရာ ရောက်သည့်အတွက် EU ၏ အစီစဉ်ကို မယ်လစခန်း ကော်မတီအနေဖြင့် ကြိုဆိုသည်ဟု စော ထွန်းထွန်းက ပြောသည်။

EU ကိုယ်စားလှယ်အဖွဲ့သည် ဒုက္ခသည်များ စခန်းပြင်ပသို့ထွက်၍ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ထိုင်းအစိုးရတာဝန်ရှိသူများကို တိုက်တွန်းသွားရန်ရှိပြီး ဒုက္ခသည်များ၏ သဘောထားများနှင့် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များဆိုင်ရာ ကိစ္စများကို EU အဖွဲ့သို့ အစီရင်ခံ တင်ပြမှုများပြုလုပ်သွားမည်ဟု သိရသည်။

EU သည် ၁၉၉၅ ခုနှစ်က စတင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ၁၄၀၀၀၀ ခန့်ကို အဓိက ထောက်ပံ့ နေ သည့် အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွက် ဒေါ်လာ သန်း၂၀၀ ကျော် ထောက်ပံ့ လှူဒါန်းထားသည်။

ရန်ပုံငွေအခက်အခဲကြောင့် EU သည် အကူအညီများကို ယမန်နှစ်ကစတင်ကာ ၂၅ ရာခိုင်နှုန်း ဖြတ်ခဲ့သဖြင့် ဒုက္ခသည် များအတွက် ပေးနေသည့်စားနပ်ရိက္ခာတချို့လျှော့ချလိုက်ရမှုများရှိသည်ဟု စခန်းတာဝန်ရှိသူ တဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာရှိ မယ်လ ဒုက္ခသည်စခန်းတွင် နောက်ဆုံး ရရှိသည့်စာရင်းများအရ အိမ်ခြေ ၁၂၀၀၀ ခန့်ရှိပြီး ဒုက္ခသည် ၄၈၀၀၀ ခန့်နေထိုင်လျှက်ရှိကြောင်း သိရသည်။ မယ်လ စခန်း သည် ဒုက္ခသည်စခန်းများအနက် အကြီးဆုံး စခန်းဖြစ်သည်။

ထိုင်းအစိုးရ က ဒုက္ခသည်များ စခန်း ပြင်ပတွင် သွားလာလုပ်ကိုင်ရန် ခွင့်ပြုထားခြင်း မရှိသည့်အတွက် ယခုပြုလုပ်မည့် EU ၏ အစီအစဉ်သည် ဒုက္ခသည် စခန်းအတွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် လက်မှုလုပ်ငန်း စသည့် လုပ်ငန်းခွင်များအတွက်သာ ဖြစ်နိုင်ကြောင်း ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်းအသင်း (TBBC) က ပြောသည်။

TBBC လက်ထောက် ညွှန်ကြားရေးမှူး ဆယ်လီ သွန်မ်ဆင် က“ဒုက္ခသည်တွေ ကိုယ့်အားကိုယ်ကိုး ရပ်တည် လာတာကို တော့ တွေ့မြင်ရနိုင်ပါတယ်၊ ဒါပေမယ့် ထိုင်းပေါ်လစီ အရ အကန့်အသတ်တွေတော့ ရှိတယ်”ဟု ၎င်းက ဆိုသည်။

EU က ဒုက္ခသည် အကူအညီများ လျှော့ချမည်ဖြစ်၍ ကိုယ့်အားကိုယ်ကိုး အစီအစဉ် စတင်နေခြင်းမှာ စောလွန်းနေကြောင်း၊ ဒုက္ခသည်များအနေဖြင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ များစွာ လိုအပ်နေသေးကြောင်းလည်း ဆယ်လီ သွန်မ်ဆင် က ပြောဆိုသည်။

TBBC သည် လွန်ခဲ့သော ၂၅ နှစ်ခန့်ကတည်းက ဒုက္ခသည်များ၏ စားဝတ်နေရေး များအတွက် ကူညီထောက်ပံ့ နေ သည့် အဖွဲ့အစည်း တခု ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ထမ်ဟင်း၊ ဘန့်ဒုံယမ်း၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်ရာမို၊ မယ်လာအူး နှင့် ကရင်နီ ဒုက္ခသည်စခန်း၂ ခုအပါအ၀င် ဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁၄၀၀၀၀ ခန့်နေထိုင်လျှက်ရှိသည်ဟု TBBC ၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များမှာ ၁၉၈၃ ခုနှစ်မှစတင်၍ မြန်မာ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာသူများဖြစ်ပြီး ယနေ့အထိ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ထိုင်း အစိုးရက ထိုင်းနိုင်ငံ၌ရောက်ရှိနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့်မှ ၁ သန်း ၀န်းကျင်ကို နေ ထိုင် လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေး၍ ခွင့်ပြုထားသော်လည်း ဒုက္ခသည်များကို ခွင့်ပြုခြင်းမရှိပေ။

Source by :http://www.bur.irrawaddy.org/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။