Home » » မြန်မာအလုပ်သမား ၉၆ ဦး ပါမစ်တုမိ ...

မြန်မာအလုပ်သမား ၉၆ ဦး ပါမစ်တုမိ ...

Written By မောင်စေတနာ on Thursday, January 27, 2011 | 4:05:00 PM

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဘန်ကောက်မြို့ တောင်ဘက် မဟာချိုင်မြို့ အထည်တံဆိပ် ချုပ်လုပ်သည့်စက်ရုံမှ မြန်မာအလုပ်သမား ၉၆ ဦး အလုပ်လုပ်ခွင့် ပါမစ်အတွက် ပေးထားသည့် ငွေများ အလုပ်ရုံ စာရေးက လိမ်သွားကြောင်း မြန်မာလုပ်သား ခေါင်းဆောင်များက ပြောဆိုကြသည်။

မဟာချိုင်မြို့၊ ဖလန်ဆောင်လမ်းမကြီး၊ မိုန်းမိုင်ဈေးကြီးအနီး SAN SON ၉ဝဝ လမ်းသွယ်ရှိ Dc Embroidery Co,Ltd နှင့် Ptk Polypack Co,Ltd ဟု အမည် ၂ ခု ထိုးထားသော အဝတ်အထည်တံဆိပ် ထုတ်လုပ်သည့် အလုပ်ရုံမှ ထိုင်းအမျိုးသမီးစာရေးမ ချာလဒါက ငွေလိမ်သွားသည်ဟု ဆိုသည်။

လုပ်ငန်းရှင်က အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် workpermitcardလက်မှတ်နှင့် စာရွက်စာတမ်းကိစ္စ၊ အလုပ်သမားများ အဝင်အထွက်နှင့် လိုအပ်သည့်အလုပ်သမား ရှာဖွေခြင်းလုပ်ငန်းတို့ကို စာရေးအမျိုးသမီးကို မျက်နှာလွှဲ လုပ်ကိုင်ခဲ့ရာမှ သူက မြန်မာအလုပ်သမား ၉၆ ဦးထံမှ ၂ နှစ်စာ အလုပ်လုပ်ခွင့် ပါမစ်ကြေးအဖြစ် တဦးလျှင် ၃၇ဝဝ ဘတ် (စုစုပေါင်း ၃၅၅,၂ဝဝ ဘတ်) ကောက်ယူကာ စာရွက်စာတမ်း အတုများပေးပြီး ထွက်ပြေးခြင်း ဖြစ်သည်။

လိမ်လည်မှုနှင့် ပတ်သတ်၍ အလုပ်သမားများက အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (Burmese Association In Thailand-B.A.T) သို့ အကူအညီ တောင်းခံခဲ့သည်။



“အပြင်သွားတော့ ပုလိပ်က စစ်ပြီး Work Permit လျှောက်ထားတဲ့ စာရွက်တွေ အတု တွေလို့ပြောတယ်။ ကျနော်တို့ မယုံလို့ လဝကရုံးကိုသွားပြတော့ တကယ် အတု ဖြစ်နေတယ်။ ကျနော်တို့လည်း ကြံရာမရဖြစ်နေလို့ B.A.T ကို ဆက်သွယ် အကူအညီ တောင်းထားတယ်” ဟု အလုပ်သမားခေါင်းဆောင် ကိုစိုင်းဆိုင်က မဇ္ဈိမကို ပြောသည်။

B.A.T မှ အမျိုးသမီးရေးရာ ဌာနမှူး ဒေါ်သက်သက်ဦး နှင့် အလုပ်သမားခေါင်းဆောင် ၃ ဦးတို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ဝ ရက်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ စာရွက် စာတမ်းအတုများနှင့်တကွ အဖြစ်အပျက်များကို သွားရောက် တင်ပြခဲ့ကြသည်။

ဘန်ကောက်မြန်မာသံရုံး ပထမအတွင်းဝန် ဦးနိုင်ထွန်းက တင်ပြချက်ကို လက်ခံ၍ ဖြစ်ရပ်ကို အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြပေးမည် ဖြစ်ပြီး ဌာနဆိုင်ရာ တင်ပြချက် မိတ္တူကို B.A.T သို့ ပြန်ပို့ပေးမည်ဟု တုံ့ပြန်ကြောင်း အလုပ်သမားများက ပြောသည်။

workpermitcard1ယမန်နေ့က B.A.T နှင့် အလုပ်သမားအချို့က မဟာချိုင်မြို့ အစိုးရ အလုပ်အကိုင်ရှာဖွေရေးရုံး (ကျဟာငန်း)သို့  သွားရောက်တင်ပြရာ ရုံးအရာရှိတဦးက လုပ်ငန်းရှင်သူဌေး ထံသို့ ဖုန်းဆက်ပြီး တိုက်ရိုက် မေးမြန်းစုံစမ်းခဲ့သည်။ လုပ်ငန်းရှင်သူဌေးက စာရေးမထံက ဘတ်ငွေ ၅ဝဝဝဝ နုတ်ယူထားလိုက်ပြီ ဖြစ်ကြောင်း အရာရှိကို ပြန်လည်ပြောဆိုပြီး အသစ်ပြန်လည်လုပ်ပေးရန် ကတိပြုခဲ့သည်ဟု အလုပ်သမားများက ပြောသည်။

သို့သော် လက်ရှိတွင် အလုပ်သမားများအနေဖြင့် တရားဝင် ဆက်လက်လုပ်ကိုင်ခွင့် အရေးကြီးနေသဖြင့် မိမိတို့ ကိုယ်ပိုင်ငွေဖြင့် အလုပ်လုပ်ခွင့်ပါမစ် ထပ်မံလျှောက်ထားရမည်ဟု B.A.T မှ ဒေါ်သက်သက်ဦးက မဇ္ဈိမကို ပြောသည်။

“အလုပ်သမားတွေ ဆုံးရှုံးတဲ့ငွေကတော့ နောက်မှ တရားစွဲသင့် စွဲရမှာပေါ့ နော်။ လောလောဆယ်က ငွေထပ်စိုက်ပြီး Work Permit ပြန်လုပ်ရမှာပါ။ မလုပ်ရင် အလုပ်လုပ်ဖို့ တရားမဝင် ဖြစ်သွားမယ်။ တရားစွဲဖို့ကလည်း နေထိုင် အလုပ်လုပ်ကိုင်ခွင့် အပြည့်အစုံရှိဖို့ လိုပါတယ်”ဟု သူမက ရှင်းပြသည်။

ယခုကိစ္စ ဖြစ်ပွားသည့် စက်ရုံတွင် မြန်မာအလုပ်သမား ၂ဝဝ ဝန်းကျင်ခန့် ရှိသည်။ အလိမ်ခံရသည့် အလုပ်သမား ၉၆ ဦးအနက် အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂ သန်းထက်မနည်း ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက သုံးသပ်ထားသည်။

ထိုင်း-မြန်မာနယ်စပ် စခန်း ၃ ခုတွင် ၂ဝဝ၉ နှစ်မှ ၂ဝ၁ဝ ခုနှစ် အကုန်အထိ နှစ်နိုင်ငံ အစိုးရ သဘောတူညီချက်ဖြင့် ထုတ်ပေးခဲ့သည့် ယာယီ ပတ်စပို့ စာအုပ်ပေါင်း ၃ သိန်းခန့် ရှိကြောင်း ဘန်ကောက်အခြေစိုက် ပတ်စပို့ကုမ္ပဏီများ၏ စာရင်းဇယားများအရ သိရသည်။

http://www.mizzimaburmese.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။