Home » » ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့်ပတ်သက်၍ဝေဖန်မှုများ ထွက်ပေါ်

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့်ပတ်သက်၍ဝေဖန်မှုများ ထွက်ပေါ်

Written By မောင်စေတနာ on Tuesday, December 21, 2010 | 3:42:00 PM

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် တို့၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပပြုလုပ် ခြင်းသည် မြန်မာအနုပညာရှင်တို့၏ မင်္ဂလာ အခမ်းအနားများတွင် အကြိမ်အများဆုံး ကျင်းပပြုလုပ်သည့် မင်္ဂလာပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်ပြီး မင်္ဂလာပွဲများတွင် ၀တ်စုံ၊ ပန်း၊ မိတ်ကပ်၊ လက်ဝတ်ရတနာ၊ ဖိနပ် စသည်တို့ကို စပွန်ဆာပေးမှုများ အနက် အများဆုံး စပွန်ဆာပေးခံရသည့် မင်္ဂလာပွဲတစ်ပွဲလည်း ဖြစ်လာသည်ဟု သိရသည်။

ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲ အခမ်းအနားမှာ ခြောက်ပွဲ ဖြစ်နေသည့်အပြင် ပြည်တွင်းရုပ်သံလိုင်း တစ်ခုဖြစ်သည့် MRTV 4 တွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည့် ပထမဆုံး မင်္ဂလာပွဲ ဖြစ်သည့်အတွက် ပရိသတ် စိတ်ဝင်စားမှု ပိုမိုလာခြင်းနှင့် ဝေဖန်မှုများလည်း ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။

''နာမည်ကြီး မင်းသားနဲ့ မင်းသမီး နှစ်ယောက်ရဲ့ မင်္ဂလာပွဲဆိုတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဓိကတော့ သူတို့ဘာဝတ်မှာလဲ၊ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ လာကြမလဲ၊ စပွန်ဆာတွေ အများကြီး ရထားတာဆိုတော့ အခြား မင်္ဂလာပွဲတွေနဲ့ ဘာကွာမှာလဲ စိတ်ဝင်စားစရာတွေက အများကြီးပေါ့။ MRTV 4 ကလည်း မင်္ဂလာပွဲကို တိုက်ရိုက်လွှင့်မယ်ဆိုတော့ အိမ်ကနေ စောင့်ကြည့်ဖို့ စိတ်ကူးထားတယ်''ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောပြခဲ့သည်။



''သူတို့နှစ်ယောက် အနေနဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား လုပ်တယ်ဆိုတာ သဘာဝကျပေမယ့် ခြောက်ပွဲလောက် လုပ်တယ်ဆိုတာကတော့ နည်းနည်းများလွန်းသွားသလိုပါပဲ။ ဒါကတော့ အစစအရာရာ ကုန်ကျစရာ သိပ်မလိုဘဲ စပွန်ဆာတွေ ၀ိုင်း ပေးကြတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ အခုလို အခြေအနေမျိုးမှာတော့ လူအများစုက သူတို့နှစ်ယောက်နဲ့အတူ လိုက်မပျော်နိုင်ပါဘူးဗျာ။ ကိုယ့်ဒုက္ခနဲ့ကိုယ်ပါ'' ဟု ပရိသတ်တစ်ဦးက ဝေဖန်သုံးသပ်ခဲ့သည်။

ဇန်န၀ါရီလအတွင်း ပြုလုပ်မည့် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲသည် သတို့သား သတို့သမီး နှစ်ဦးစလုံးမှာ ပရိသတ်အများ စိတ်ဝင်စားသည့် ထိပ်တန်း အနုပညာရှင်နှစ်ဦး ဖြစ်နေခြင်းကြောင့်လည်း မင်္ဂလာပွဲအတွင်း လိုအပ်သည့် ၀တ်စုံ၊ လက်ဝတ်ရတနာမှအစ ပန်း၊ဖိနပ် အထိ အဆုံး အမျိုးစုံ စပွန်ဆာ ၀ိုင်းပေးကြမှုများ ပါဝင်နေခြင်းဖြစ်သည်ဟု ပရိသတ်များကြားတွင် ဝေဖန်သုံးသပ်မှုများ ရှိနေခဲ့သည်။

''နာမည်ကြီး နှစ်ယောက်ရဲ့ပွဲ ဆိုတော့ သူတို့ကို စပွန်ဆာပေးတဲ့ သူတွေကို ဂျာနယ်တွေပေါ်မှာ ကျယ်ကျယ်ပျံ့ပျံ့ ဖော်ပြကြမှာပဲလေ။ တီဗီမှာလည်း လွှင့်ဦးမယ်၊ အခွေလည်း ထုတ်ဦးမယ်ဆိုတော့ သူတို့နှစ်ယောက်ရဲ့ ပွဲတွေနဲ့အတူ စပွန်ဆာ ပေးတဲ့ သူတွေအားလုံးက အကြိမ်ကြိမ် ကြော်ငြာပြီးသား ဖြစ်သွားမှာပဲ။ ဒါကို တွက်ဆမိပြီး စပွန်ဆာပေးကြတာလို့လည်း တွေးလို့ရပါတယ်။ ရုပ်သံမှာ ပြမယ်ဆိုလည်း ပရိသတ် စိတ်ဝင်စားမှုအရ ကြော်ငြာဆိုတာ အများကြီး လက်ခံရနိုင်တယ်လေ။ တစ်နည်းအားဖြင့်တော့ သူတို့ပေါ်မှာ မူတည်ပြီးတော့ အပြန်အလှန် လုပ်စားကြမယ့် ပွဲပဲပေါ့''ဟု ပရိသတ်တစ်ဦးကလည်း ထပ်မံ သုံးသပ်ပြခဲ့သည်။

''ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်မည့် လက်ထပ်မင်္ဂလာ ပွဲများမှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် တောင်းရမ်းမင်္ဂလာကို အိန္ဒြာကျော်ဇင်၏ နေအိမ်၌ လည်းကောင်း၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုး မင်္ဂလာကို Traders Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဆွမ်းကျွေးမင်္ဂလာကို မဟာစည် သာသနာ့ရိပ်သာတွင် လည်းကောင်း၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာကို Sedona Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် လက်ထပ်မင်္ဂလာပွဲကို Sedona Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မင်္ဂလာညစာစားပွဲကို InyaLake Hotel တွင် လည်းကောင်း အသီးသီး ကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် တို့၏ လက်ထပ်မင်္ဂလာပွဲများအတွက် ၀တ်စုံများအား ဒီဇိုင်နာ ခင်စန်းဝင်း၊ ပြည်စိုးအောင်၊ Vivid၊ Silk & Style၊ Euphoria၊ မိုးကုတ် ပေါက်ပေါက် တို့မှ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပြီး လက်ဝတ်ရတနာများအား She Shine၊ စိန်နန်းတော်၊ှSP Gems တို့မှ ကူညီပံ့ပိုးပေးမည် ဖြစ်သည်ဟု သိရသည်။ လက်ထပ်လက်စွပ်များအား She Shine မှ မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဖွဲ့ပေးထားပြီး ပန်းအလှ ဆင်ယင်မှုအတွက် Marvelous, Eternal Flower, ခင်မောင်ဝင်း၊ မာမီကျော် (Malaysia)၊ မစန်းစန်းဦး တို့မှ မေတ္တာဖြင့် ပန်းအလှ ဆင်ပေးသွားမည်ဟု သိရသည်။ ထို့အပြင် ရွှေနဂါးဖိနပ်ဆိုင်မှ စုလျားရစ်ပတ် ဘိတ်သိတ်ပွဲ အတွက် ဖိနပ်များကို မေတ္တာဖြင့် ကူညီပံ့ပိုးပေးသွားမည်ဟု သိရသည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်မည့် လက်ထပ်မင်္ဂလာပွဲ ကျင်းပပုံ အစအဆုံးအား MRTV 4 ရုပ်သံဌာနမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး ကျန်မင်္ဂလာပွဲ ငါးပွဲအားလည်း MRTV 4 ရုပ်သံဌာနမှပင် ရိုက်ကူး၍ အပိုင်းလိုက် ပြန်လည် ထုတ်လွှင့်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

''ပရိသတ်တွေ တစ်ကယ်စိတ်ဝင်စားလို့ Live လွှင့်မယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ မင်္ဂလာပွဲတစ်ခုကို Live လွှင့်တာ မြန်မာပြည်မှာ ဒါပထမဆုံးပါလေ။ ဒါပေမယ့် သတင်းစီးဆင်းမှု ပုံမှန်မရှိသေးတဲ့ ဒီလိုအချိန်မှာ MRTV က Live လွှင့်ပေးမယ်ဆိုတော့ အံ့သြမိပါတယ်။ အခု မင်္ဂလာပွဲက Live လွှင့်ရလောက်တဲ့အထိ ပရိသတ်တွေ တကယ် စိတ်ဝင်စားနေပြီလား။ ပြည်သူတွေ တကယ် စိတ်ဝင်စားတဲ့ သတင်းတစ်ချို့ ပရိသတ်ရှေ့ကို ရောက်မလာနိုင်သေးတဲ့ အချိန်မှာ ဒီလို Live လွှင့်တာအတွက်တော့ မေးခွန်းထုတ်စရာပါ''ဟု Weekly Eleven News Journal မှ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင် ကပြောပါသည်။

''ပရိသတ်တွေအတွက် စံပြမင်္ဂလာစုံတွဲရဲ့ မင်္ဂလာဆောင် တစ်ခု အနေနဲ့ MRTV 4 က Live ရိုက်ပြတာလား။ ဒါဆိုရင်တော့ ကျေနပ်စရာ ကောင်းမှာပါ''ဟု အနုပညာလောကသား တစ်ဦးက ပြောပါသည်။

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ လက်ထပ်မင်္ဂလာ သတင်းနှင့် ပတ်သက်၍ ဂျာနယ်စာမျက်နှာများ၊ Facebook နှင့် အွန်လိုင်းပေါ်ရှိ ၀က်ဘ်ဆိုက်အချို့တွင် သတင်းရေးသား ဖော်ပြမှုများ ရှိနေသကဲ့သို့ ယင်းဖော်ပြမှုများအား ဖတ်ရှု၍ ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရှိရသည်။

Share this article :

1 comments:

Bravo said...

လုပ်နိင်လေ ကောင်းလေး ပဲ
ပျော်စရာကြီးပါ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။