Home » » ရွှေ့ပြောင်းအလုပ်သမားများ ဘဏ်ငွေစာရင်း ဖွင့်နိုင်

ရွှေ့ပြောင်းအလုပ်သမားများ ဘဏ်ငွေစာရင်း ဖွင့်နိုင်

Written By မောင်စေတနာ on Tuesday, August 31, 2010 | 5:36:00 PM



မြတ်ခိုင်ဦး / ၃၀ သြဂုတ် ၂၀၁၀

အလုပ်လုပ်ခွင့်လက်မှတ် တရားဝင်မရရှိသေးသော်လည်း ငွေသွင်းဆောင်ထားသည့် စာရွက်စာတမ်းများဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား ငွေစာရင်းဘဏ်စာအုပ်၊ ATM ကတ်၊ အသက်အာမခံကတ်တို့ကို Siam Commercial Bank (SCB) မှ လက်ခံပြုလုပ်ပေးနေပြီဖြစ်သည်။

ယခုနှစ် အစောပိုင်းမှစတင်၍ ထိုင်းနိုင်ငံရှိ အချို့ဘဏ်များမှ ငွေထုတ်ငွေသွင်းစက်များတွင် မြန်မာဘာသာဖြင့် ဖော်ပြလာခဲ့ပြီး နောက် ယခု Siam Commercial Bank က မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အထူးဝန်ဆောင်မှုတရပ်အဖြစ် ငွေသွင်းပြေစာများကို သက်သေခံပြုကာ ဘဏ်တွင် ငွေစာရင်း ဖွင့်ခွင့်ပြုနေသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။

စာရွက်စာတမ်း ပြည့်စုံသူ ရွှေ့ပြောင်းအလုပ်သမားတဦးသည် ဘဏ်ငွေထုတ်ငွေသွင်း စာအုပ်ပြုလုပ်လိုလျှင် ဘတ်ငွေ (၃၅၀) ကုန်ကျမည်ဖြစ်ပြီး ငွေထုတ်ငွေသွင်းကတ် (ATM) အပါအဝင် အသက်အာမခံကတ်တို့ကိုလည်း ပြုလုပ်မည်ဆိုပါက စုစုပေါင်း ဘတ်ငွေ (၁,၁၉၉) ဘတ် ကုန်ကျမည်ဖြစ်သည်။ ကျန်းမာရေး အသက်အာမခံအတွက် တနှစ်လျှင် (၆၉၉) ဘတ် ကုန်ကျမည်ဖြစ်သည်။


အသက်အာမခံ ပြုလုပ်ခြင်းအားဖြင့် ဆေးရုံတက်လျှင် (၂၅,၀၀၀) ထက်မပိုသော ဆေးဝါးကုသစရိတ်ရရှိမည်ဖြစ်ပြီး မတော်တဆ သေဆုံးပါက ဘတ်ငွေ (၁၀၀,၀၀၀) အလျှော်ရမည်ဖြစ်သည်။ တနှစ်အတွင်း ဆေးရုံအကြိမ်ပေါင်းများစွာတက်ရ၍ ကုန်ကျငွေ (၅,၀၀၀) ထက်မကျော်လျှင် မိမိစိုက်ပေးစရာမလိုပေ။

အလုပ်သမားများအနေဖြင့် ဘဏ်ငွေထုတ်ငွေသွင်း စာအုပ်ရှိလာခြင်းဖြင့် ကား၊ ဆိုင်ကယ်များကိုလည်း ဝယ်ယူခွင့်ရရှိမည် ဖြစ်သည်။

ယနေ့ထိ ဘတ်လက်မှတ် ကိုင်ဆောင်ခွင့် မရသေးသော်လည်း ရှိနေသော အထောက်အထားများဖြင့် ငွေစာရင်းဖွင့်လာသူ မနီလာ (သယ်မို့)က “မြန်မာတွေ တယောက်နဲ့တယောက် ငွေလွဲချင်ရင် သူများအကောင့်တွေ ဥပမာ ထိုင်းလူမျိုးတွေရဲ့ အကောင့်ကို သွားပြီး အကူအညီတောင်းရတာဟာ တချို့ မြန်မာတွေအတွက် ငွေလွှဲရခက်တယ်လေ။ အခုလို လုပ်လိုက်ခြင်းအားဖြင့် တချို့လူတွေကိုလည်း ကူညီလို့ရမယ်ဆိုတာ စိတ်ကူးလို့ရပါတယ်” ဟု ဆိုသည်။

ဤသို့ ရွှေ့ပြောင်းအလုပ်သမားများအတွက် ဝန်ဆောင်မှုပေးလာသည်ကို ကြိုဆိုကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားဦးရေ (၁) သန်းခန့်ဆီမှလည်း အပြန်အလှန် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း အလုပ်သမားရေးဆောင်ရွက်နေသူ အန်စီဂျီယူဘီမှ ကိုသက်ခိုင်က ပြောကြားသည်။

ယခုနှစ် ဖေဖော်ဝါရီလ၌ ကုန်ဆုံးသွားသော ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (ဘတ်) သက်တမ်းကို အလုပ်သမားများ ပြန်လည် သက်တမ်းဆက်ထားသော်လည်း အလုပ်သမားဝန်ကြီးဌာနမှ ရွှေ့ပြောင်း အလုပ်သမားအားလုံးကို မူရင်းဘတ်လက်မှတ် အကုန်မထုတ်ပေးနိုင်သေးပေ။ သို့အတွက် အာဏာပိုင်များ၏ အဖမ်းအဆီးမှကာကွယ်ရန် ငွေသွင်းထားသောပြေစာနှင့် ကျန်ရှိသော အထောက်အထားများကို ရွှေ့ပြောင်းအလုပ်သမားများသည် မိမိကိုယ်နှင့်တကွ အမြဲကိုင်ဆောင်ထားရှိရမည်ဖြစ်သည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။