Home » » (၉) နှစ်သမီး မြန်မာကလေးငယ်အလောင်း တွေ့ရှိ

(၉) နှစ်သမီး မြန်မာကလေးငယ်အလောင်း တွေ့ရှိ

Written By မောင်စေတနာ on Friday, May 14, 2010 | 9:28:00 PM


ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ထလမုဒေသရှိ လမ်ကင်းကျေးရွာ ဘုန်းကြီးကျောင်း အနောက်ဘက် ချောင်းကမ်းစပ်တွင် (၉) နှစ်အရွယ် မြန်မာကလေးမလေးတဦး၏ အလောင်းကို ယနေ့တွေ့ရှိကြောင်း သိရသည်။

ထိုကလေးငယ်သည် ထိုင်းနိုင်ငံတွင် ပန်းရန်အလုပ် လာရောက်လုပ်ကိုင်နေသော တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ခွဲ၊ အပေါ်ရေဖြူ၊ ဒုံတောင်ကျေးရွာမှ ဦးတင်စိန်၊ ဒေါ်မီးမီးတို့၏ အထွေးဆုံးသမီး မသန်းလှိုင်ထွေးဖြစ်ပြီး မေလ (၁၂) ရက်နေ့ ညနေ (၅) နာရီခန့်တွင် မိဘများ အလုပ်အကိုင်မှ ပြန်လာစဉ်ကတည်းက ပျောက်ဆုံးနေခဲ့ပြီး ယနေ့နံနက်တွင်မှ အလောင်းကို ချောင်းကမ်းစပ်တွင် တွေ့ရှိရခြင်းဖြစ်သည်။

မျက်မြင်သက်သေများ၏ အဆိုအရ နားရွက်တဖက်ပြတ်နေပြီး နားရွက်တွင် ဓားဖြင့်အလှီးခံထားရသည့် ဒဏ်ရာများပါရှိကာ ကလေးငယ်၏ ဦးခေါင်းသည် ဦးနှောက်များထွက်ကာ နောက်မှ အရိုက်ခံထားရသည့် အသွင်ရှိသည်ဟု ဦးလေးတော်သူ ကိုမျိုးအောင်က ပြောသည်။


“သူ့ အဖေကော အမေကောက အခုဆို စကားတောင် မပြောနိုင်တော့ပါဘူးဗျာ၊ ကျနော်က ဦးတင်စိန်ရဲ့ညီပါ။ အလောင်းတော့ ကျနော်တို့ရိုးရာအရ ဆက်လက်သင်္ဂြိုဟ်ဖို့ ပြန်လိုချင်ပါတယ်” ဟု ဆိုသည်။

ထိုကလေးငယ် ပညာသင်ကြားနေသော ထုံခမင်းရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကျောင်းမှ ကလေး၏ဆရာမတဦးဖြစ်သော ဒေါ်သီတာက “ကလေးက အခု (၁၇) ရက်နေ့ ကျောင်းစဖွင့်ရင် ဒုတိယတန်းတက်ရမှာလေ။ ဖုန်းဆက်လာတော့ ကျမစိတ်မကောင်းဖြစ်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပါဘူးရှင်” ဟု ဆိုသည်။

FED ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်မှ ဤဖြစ်ရပ်နှင့်ပတ်သက်၍ တရားဥပဒေအရ တိတိကျကျ ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ယခုမှစတင်၍ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောသည်။

ယခုအခါ ကလေးငယ်၏အလောင်းကို လိုအပ်သော ဆေးစစ်ချက်ထပ်မံခံယူရန်အတွက် စူရပ်ဌာနီဆေးရုံသို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်နေပြီဖြစ်သည်။

မြတ်ခိုင်ဦး / ၁၄ မေလ ၂၀၁၀
http://www.khitpyaing.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။