စင်္ကာပူ (မတ် ၄)
ပြီးခဲ့သည့် နှစ်များအတွင်း စင်္ကာပူတွင် ရွှေ့ပြောင်းအခြေချလာသူများ သိသိသာသာ များပြားလာခဲ့သောကြောင့် စင်္ကာပူအစိုးရ အနေဖြင့် လက်ရှိ ကျင့်သုံးနေသည့် PR (Permanent Residence) နှင့် နိုင်ငံသား လျှောက်ထားခွင့် မူဝါဒများကို ပြန်လည်ပြင်ဆင်၍ တင်းကြပ်မှုများ ပြုလုပ်တော့မည်ဟု သိရသည်။
စင်္ကာပူ ဒုဝန်ကြီးချုပ်ဖြစ်သူ Mr Wong Kan Seng က အစိုးရအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများကို မကြာသေးမီကပင် ပြန်လည် သုံးသပ်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး PR လျှောက်ထားမှုများအား ရွေးချယ်ရာတွင် ယခင်ထက်ပိုမို စီစစ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒုဝန်ကြီးချုပ် ရာထူးအပြင် စင်္ကာပူ ပြည်ထဲရေးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် ၎င်းက စင်္ကာပူလွှတ်တော် အတွင်း ၃ ရက်ကြာ ကျင်းပခဲ့သည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ အကျေအလည် ဆွေးနွေးပွဲ၌ ဆက်လက်ပြောကြားရာတွင် “ကျွန်တော်တို့နဲ့ အတူတကွ နေထိုင်မယ့် သူတွေဟာ အရည်အချင်းရှိသူ ဖြစ်ဖို့၊ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးစေရေးမှာ အထောက်အပံ့ဖြစ်စေဖို့နဲ့ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ အသားတကျ ရှိနေစေဖို့ စတဲ့ အချက်တွေ လိုမှာ ဖြစ်ပြီး ဒီအချက်တွေနဲ့ ပြည့်စုံသူတွေကိုသာ ကျွန်တော်တို့ ရွေးချယ်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

နိုင်ငံသား ခံယူခွင့် ခွင့်ပြုမှုနှင့် စပ်လျဉ်း၍ လာရောက်လျှောက်ထားသည့် လျှောက်လွှာရှင်တို့၏ အရည်အချင်းပေါ်တွင် မူတည်မည် ဖြစ်သော်လည်း အရည်အချင်း ပြည့်မီသူများ ရှိပါက တစ်နှစ်လျှင် နိုင်ငံသားသစ် ဦးရေ ၂၀,၀၀၀ လက်ခံ သွားမည်ဟု ၎င်းက ဆိုသည်။
စင်္ကာပူနိုင်ငံတွင် ၂၀၀၉ ခုနှစ်က PR ဦးရေ ၅၉,၅၀၀ နှင့် နိုင်ငံသားသစ်ဦးရေ ၁၉,၉၀၀ ခွင့်ပြုခဲ့ပြီး ၂၀၀၈ ခုနှစ်က PR ဦးရေ ၇၉,၂၀၀ နှင့် နိုင်ငံသားသစ်ဦးရေ ၂၀,၅၀၀ အထိ အသီးသီး ခွင့်ပြုခဲ့သည်။
ထို့ပြင် ၎င်းက ဆက်လက်၍ နိုင်ငံခြားသားများအနေဖြင့် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် စင်္ကာပူတွင် လာပြီး မကူညီပါက ထိုနိုင်ငံခြားသားများသည် အခြားနိုင်ငံများသို့ သွားကာ စင်္ကာပူကို ယှဉ်ပြိုင်နိုင်ရန် ကူညီကြလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။

http://www.thanlwin.com
0 comments:
Post a Comment