စိမ်းဝါနီ ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးထားသော ''ဆွေတစ်ရာမောင်တစ်ကျိပ်'' ရုပ်ရှင်ကားကြီး၏ အခြေအနေနှင့် ဟာသကားတွေ များလာတဲ့အပေါ် အကယ်ဒမီနှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမြင့်မြင့်ခိုင်၏ အမြင်တို့ကို လျှပ်တစ်ပြက်မှ တွေ့ဆုံ မေးမြန်းခဲ့ရာ- ဟာသကားတွေ များလာတဲ့အပေါ် အကယ်ဒမီက ပေးမယ်ဆိုရင် ကောင်းတာပေါ့။ အခု နောက်ပိုင်း ဒရာမာတွေ သိပ်မရိုက်ကြတော့ဘူး။ ဒါကလည်း ခေတ်အခြေအနေရယ် ထုတ်လုပ်ရတဲ့ အင်အား၊ ပရိသတ်ကလည်း ဒါတွေကိုပဲ လက်ခံနေကြတယ်။ အန်တီ ပရိသတ်အတွက် ဖောက်ပြီး ဒရာမာတော့ ရိုက်ကြည့်ချင်သေးတယ်။ ဘယ်လိုလာမလဲ ဆိုတာတော့ မသိဘူး။ ဟာသတွေ များလာတော့ ဟာသရဲ့ အနုပညာ ပြောင်မြောက်တဲ့ ဟာလေးတွေကို အကယ်ဒမီပေးရင် ပိုကောင်းတာပေါ့။ ဟာသလို့သာပြောပေမယ့် ဟာသရဲ့အမူအရာ တွေခက်ပါတယ်။ အန်တီ့အမြင်ပေါ့။ ပရိသတ်ကဒါလေးကို ခံစားသွားလိုက်ရအောင် အပေးအယူ၊ အချိတ်အဆက်၊ မျက်နှာအမူ အရာ၊ ကိုယ်နေဟန်ထား စကားလုံးနဲ့ပေါ့နော် ။အဲဒါတွေကို လိုက်ဖက်ညီအောင်လုပ်ရတာကလည်း အနုပညာတစ်ရပ်ပါပဲ။ အဲဒီအပေါ်မှာ ဒါရိုက်တာတွေကလည်း ပီပြင်မယ်၊ သရုပ်ဆောင်တွေကလည်း ပြောင်ပြောင်မြောက် မြောက်လေးတွေ လုပ်နိုင်မယ်ဆိုရင် အနုပညာတစ်ခုလိုခံစားပြီးတော့ ပေးလို့ရမယ်ထင်ပါတယ်။
အန်တီတို့ စိမ်းဝါနီ ထုတ်လုပ်ရေးက ဝတ္ထု ၊ဒါရိုက်တာ ပုံသေရယ်လို့မဟုတ်ဘဲ ဇာတ်နဲ့လိုက်မယ့် ဒါရိုက်တာတွေနဲ့ ရိုက်ပါတယ်။ အန်တီတို့ ''ဆွေတစ်ရာ မောင်တစ်ကျိပ်'' ရုပ်ရှင်ကားကြီး ကြန့်ကြာနေတာက (၂ဝဝ၉)ဖေဖော်ဝါရီလောက်က ရိုက်တာ။ အရှေ့ကကားတွေ ကောင်းသွားရင် သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနှုန်းထား ဝင်ငွေကောင်းရင် (၄)ပတ်တွေ ဘာတွေ ဖြစ်သွားတော့ အကြောင်းကြောင်းကြောင့် (၁)လလောက်ဖြစ်သွားတာ တွေလဲရှိတော့ ရုံတင်ရက် စောင့်ရတာနဲ့ပါဆိုရင် တစ်နှစ် ကျော်သွားတယ်။ ဧပရယ်ကုန်မေ လောက်မှာ ရုံတင်နိုင်မယ်ထင်တယ်။ ကိုယ်ရိုက်တဲ့ကား ဆိုတော့ ကိုယ်ကတော့ အကောင်းဆုံး မျှော်မှန်းတာပါပဲ။ အမှန်က တစ်နှစ်ကို (၁)ကား(၂)ကားလောက် ရိုက်ချင်တာ။ ဒါပေမယ့် မရိုက်နိုင်ခဲ့ဘူး။ အန်တီတို့ နောက်ထပ်ကားတွေ ရိုက်ဖို့ အစီအစဉ်ရှိပါတယ်။ အန်တီတို့ ထုတ်လုပ်ရေးက ရိုက်တဲ့ကားတွေမှာ ခိုင်နှင်းဝေက ပါမှာပါ။
ဟာသကို ပရိသတ် ဘယ်အချိန်ထိ လက်ခံမလဲဆိုတာ မသိပေမယ့် အခုအချိန်ထိတော့ လက်ခံနေတာပဲ။ မင်းသားမင်းသမီးတွေဆိုရင်လဲ လူရွှင်တော်တွေနဲ့ တူအောင်ကို ပရိသတ် သဘောကျအောင်လုပ် ရတာ ။ကိုယ်ကိုယ်တိုင်လည်း လုပ်ခဲ့တော့ ခက်ခဲမှန်းလဲသိ ပါ တယ်။အရင်တုန်းက Mr.Bean တို့လို ဟာသပြောင်မြောက်တဲ့ လူရွှင်တော်ကြီးတွေရဲ့ ဟာသ တွေကြည့်ရင် အားရှိတယ်။ အဲဒီလို ကြိုးစားမယ်ဆိုရင် သမီးတို့ပြောသလို ဟာသကို အကယ်ဒမီပေးလို့ ရမယ်ထင် တယ်။ အရင်ကဆိုရုပ်ရှင်ကား ကြီးတွေက (၁)နှစ်ကို (၁ဝ)ကား (၁၁)ကားလောက်ပဲထွက်တာ။ အခုဆိုအများကြီးထွက်တော့ ရုံတင်ရက်စောင့်ရတာပေါ့။ အဲဒီလိုကားများတော့ အကယ်ဒမီအတွက် ခက်သွားမယ်ထင်တယ်။ အန်တီအနုပညာအနေနဲ့ဗီဒီယိုတွေရိုက် ထားတယ်။ နောက်ရိုက်မယ့်ကားအတွက် စီစဉ်နေတယ်။
ကိုးရီးယားကားတွေကို ပရိသတ်လက်ခံတယ်ဆိုတာက တစ်ကား ကြည့်ရင်အနည်း ဆုံး (၅)ရက်(၆)ရက်လောက်ကြည့်ရတယ်။ သူတို့ ဇာတ်လမ်းက ပိုပြီး ပီပီပြင်ပြင်နဲ့ ရိုက်လို့ရတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး အိုက်တင်ဆိုလည်း သေချာလုပ်လို့ရတယ်။ ဇာတ်လမ်းတွေ ဆိုရင်လည်း ရိုက်နေရင်းနဲ့ပြနေတာ။ ဇာတ်လမ်းကို ပရိသတ်က ကြိုက်နေရင် အောင်မြင်နေရင် ဇာတ်လမ်း ဆက်သွားလို့ ရတယ်။ ဒီမှာက ရုပ်ရှင်ဆို ရင်(၂)နာရီ(၃)နာရီဆိုတော့ ကိုရီးယားလို ရိုက်ဆိုရင်အိုက်တင်တွေက အဲဒီလောက်လုပ်လို့မရဘူး။ ဇာတ်လမ်းတွေကတော့ လုပ်လို့ရမှာပေါ့။ သရုပ်ဆောင် အသစ်တွေအတွက် ဗီဒီယို၊ ကြော်ငြာ၊ ကာရာအိုကေ တွေလည်း အများကြီးရှိတယ် ဆိုတော့ လုပ်ရကိုင်ရတာပိုပြီး အဆင်ပြေတယ်။ တချို့အသစ်တွေလည်း တော်ကြပါတယ်။ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့တော့ အများကြီး ကြိုးစား လေ့လာရင်တော့ ဖြစ်လာကြမှာပါ။

ဗီဒီယိုဈေးကွက်ကတော့ အန်တီသိပ်မသိဘူး။ ဒါပေမယ့် ဈေးကွက်နည်းနည်းလိုနေတယ်လို့တော့ပြောကြတယ်။ ရုပ်ရှင်ဘက်မှာ ပိုအားသန်နေကြတယ်။ ကိုရီးယားကားကို အိမ်မှာ အေးအေးထိုင်ကြည့်နေတဲ့ ပရိသတ်ရှိသလို ရုပ်ရှင်ပရိသတ်တွေလည်း ရှိတော့ ရိုက်သာရိုက်နေကြတာ တော်တော် ခက်ခဲပါတယ်။ အခု ပရိသတ်က ကားတစ်ကားကောင်းမှ အရမ်းကြည့်ချင်မှ လာကြည့်ကြတာ အပျင်းပြေဆိုတာက ရှိတော့ရှိတယ်၊ရှားတယ်။
အန်တီတို့ကအစ ကိုရီးယားကားကို အိမ်မှာ အေးအေးဆေးဆေး ကြည့်တယ်။ အန်တီက အနုပညာကို အရမ်းလည်း မြတ်နိုးသလို ချစ်လဲချစ်တယ်။ အနုပညာနဲ့ပတ်သက်တဲ့ တစ်ခုခု လုပ်နေရရင်ကို ပျော်တယ်။ ဒါပေမယ့် ထုတ်လုပ်သူ တစ်ယောက် အနေနဲ့လည်း မလွယ်ပါဘူး။ အခက်အခဲအများကြီး ကိုယ်တိုင်လုပ်မှ သိပါမယ်။ အားလုံးပြီးစီးလို့ ရုံတင်ရင်တောင်ပရိသတ် ကြိုက်ပါ့မလား ဆိုပြီး ရင်ခုန်ရပါတယ်။ ဒီအလုပ်တွေက စိတ်ပင်ပန်းပြီး ရင်ခုန်နေရပေမယ့် ဒီထဲမှာပဲ ပျော်နေတာ။ အနုပညာလက်ရာ ပြောင်မြောက်တဲ့ ကားတွေ ရိုက်ချင်ပါတယ်။ သမီးတို့ဘက်က မေးလာတာကိုလဲ အားရှိပါတယ်။

ဒရာမာမှ အနုပညာ အကယ်ဒမီပေးမှာလား ဆိုတော့ ဟာသကလည်း အနုပညာအနေနဲ့ ကြည့်မယ်ဆိုရင် ပညာရပ်တစ်ရပ်ပဲ ဆိုတော့ ပရိသတ် ပျော်ရွှင်အောင် လုပ်နိုင်တာလည်း အနုပညာတစ်ခုလို့ ထင်ပါတယ်''လို့ ပြောကြားခဲ့ပါသည်။ Zinnia
0 comments:
Post a Comment