Home » » နေတိုးနှင့် အင်တာဗျူး (ဖေဖော်ဝါရီလ ၁၅ ရက်နေ့)

နေတိုးနှင့် အင်တာဗျူး (ဖေဖော်ဝါရီလ ၁၅ ရက်နေ့)

Written By မောင်စေတနာ on Wednesday, February 17, 2010 | 6:32:00 PM



သရုပ်ဆောင်သက်တမ်း သိပ်မကြာသေးခင်တွင် ရုပ်ရှင်ဇာတ်ကား အများစုကို ရိုက်ကူးလာရသူက နေတိုး။
သူ့ရဲ့ ပွဲဦးထွက်လှုပ်ရှားမှုက အက်ရှင်ကားများ ဖြစ်နေသော်လည်း၊
ယနေ့အချိန်တွင် ဖန်စီ၊ ဒရာမာ၊ ဟာသကားများဖြင့် ပရိသတ် လက်ခံမှုကို
ရယူထားနိုင်ခဲ့သည်။ သိပ်မကြာခင်ကာလ မိန်းမဇာတ်ရုပ် ပုံစံတော့
မရိုက်တော့ပါဟု ထုတ်ဖော်ပြောကြားလာခဲ့ရာ၊ သို့လော သို့လော ဝေဖန်မှုများ
ထွက်ပေါ်လာပြန်သည်။ ရခိုင်သံဝဲ၀ဲနှင့် သီချင်းဆိုခဲ့ဖူးသေးတဲ့ မင်းသားက
ယခုဒရာမာဇာတ်ကားများ ရိုက်ချင်သည်ဟု ဆိုလာသည်။ တစ်နှစ်တာပတ်လုံး
သရုပ်ဆောင်အလုပ်တွေ မအားလပ်သည့်ကြားက အငြိမ့်လည်းကခဲ့သေးသည့် နေတိုးနှင့်
တွေ့ဆုံ၍ မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။


မိန်းမလျာဇာတ်ရုပ်တွေ မရိုက်တော့ဘူးလို့ အတိအလင်း ပြောရတဲ့အကြောင်းက ဘာကြောင့်ပါလဲ။

ကျွန်တော်တို့ အငြိမ့်ထဲမှာ မိန်းမလျာလုပ်ပြီး ပြက်တာကို ပရိသတ်က ကြိုက်ကြတယ်။ ဇာတ်ရုပ်အရလည်း ပရိသတ်ကြိုက်ပေမယ့် ကျွန်တော်တို့
သရုပ်ဆောင်ဆိုတာ ပရိသတ်အကြိုက်ကို အမြဲလိုက်နေလို့ မဖြစ်ဘူးလေ။ ဒီတော့
တခြားပုံစံနဲ့ တခြားဇာတ်ရုပ်နဲ့ထပ်ပြီး ပရိသတ်ကို ဆွဲဆောင်ဖို့
လိုလာပါတယ်။ ကိုယ်လုပ်ရမယ့် ဇာတ်ကောင်အသစ်လေးတွေကို သေချာလေ့လာပြီး
ကောင်းကောင်းလေး ရိုက်ပြချင်လို့ မိန်းမပုံစံနဲ့တော့ ထပ်မရိုက်တော့ဘူးလို့
ပြောခဲ့တာပါ။

Nay Toeအစ်ကို့ရဲ့ ပွဲဦးထွက်ဇာတ်ကားတွေက အက်ရှင်တွေ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ
ဇာတ်ရုပ်ရွေးချယ်မှုက တစ်ဆစ်ချိုး ပြောင်းလဲသွားတာကျတော့ရော၊ ပရိသတ်အကြိုက်
ဖြစ်မနေဘူးလား။

ကျွန်တော်က ဘယ်လိုဇာတ်ရုပ်ပဲဖြစ်ဖြစ် သရုပ်ဆောင်ရတာကို စိတ်ဝင်စားတဲ့အတွက် အက်ရှင်တွေလည်း ရိုက်ခဲ့တာပါ။ နောက်ပိုင်းမှာ
ဇာတ်ရုပ်စုံအောင် လုပ်ချင်တာတစ်ကြောင်း၊ အထူးသဖြင့် အပြင်မှာ
မရှိတဲ့ဇာတ်ရုပ်ဆို လုပ်ပြချင်တာ တစ်ကြောင်းကြောင့် ဇာတ်ရုပ်ရွေးချယ်မှု
ပြောင်းလဲသွားတာပါ။ တစ်ခုတော့ သတိထားရတာပေါ့။ ကိုယ်က ဇာတ်ကားတစ်ကားရဲ့
Leader ဖြစ်နေတော့ ပရိသတ် အမြင်စောင်းမယ့် ဇာတ်ရုပ်မျိုးတော့ ရှောင်ရတယ်။
နောက်ပြီး ကိုယ်လုပ်ပြလိုက်လို့ ဒီဇာတ်ရုပ်က ကိုယ့်အတွက် အပေါင်းလက္ခဏာ
ဖြစ်မလား၊ အနုတ်လက္ခဏာ ဖြစ်မလား၊ ထိခိုက်နိုင်မလား
ချင့်ချိန်ရတဲ့အပိုင်းတွေ ရှိလာရပါတယ်။

မြန်မာပြည်ရဲ့ ရုပ်ရှင်ဈေးကွက်က မင်းသားကို အဓိကထားပြီး ရိုက်ရတော့၊ မင်းသားတစ်ယောက်ရဲ့ တာဝန်ယူမှု၊ တာဝန်ကျေမှုကိုအစ်ကို ဘယ်လိုလက်ခံကျင့်သုံးပါသလဲ။

မင်းသားကို ဦးတည်တာမှန်ပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ ရွေးချယ်စရာ မင်းသားငယ်တွေ တော်တော်များလာတယ်။ ဒီတော့ မင်းသားတစ်ဦးတည်းမကဘဲ
ဇာတ်လမ်းကောင်းဖို့၊ ဒါရိုက်တာရော၊ ထုတ်လုပ်သူ၊ ကင်မရာ၊
မီးထိုးမှန်ထိုးကအစ အဖက်ဖက်ကစုံအောင် စေတနာထားပြီးလုပ်ဖို့ လိုလာပါတယ်။
မင်းသားမှ မဟုတ်ပါဘူး။ ပါဝင်ကြတဲ့ ရုပ်ရှင်လောကသားအားလုံး စေတနာထားပြီး
အကောင်းဆုံးဖြစ်အောင် လုပ်လာကြသလို၊ ကုမ္ပဏီတွေဘက်ကလည်း ခုနောက်ပိုင်းမှာ
ပံ့ပိုးလာကြမယ်ဆိုရင် ဇာတ်ကားကောင်းတွေ ထွက်မှာပါ။

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်မှာ ပရိသတ်ကို ဘယ်လောက် အတိုင်းအတာအထိ အမှန်တွေ ပေးသိထားလဲ။

စာအုပ်မှာ ကျွန်တော့်အကြောင်းဆိုတာထက် အနုပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပဲ များပါတယ်။ ကျွန်တော့်ရဲ့ အနုပညာပြင်ပဘ၀ (Personal
Life)မှာ ပရိသတ်ကို ပေးသိရမယ့် အဖြစ်အပျက်တွေ နည်းပါတယ်။ သရုပ်ဆောင်
မဖြစ်ခင်ကတည်းက အနုပညာအလုပ်တွေကို လေ့လာရင်း ဘ၀ကိုဖြတ်သန်းခဲ့သလို၊
မင်းသားဖြစ်ပြီး နောက်ပိုင်းမှာလည်း ကျွန်တော့်ဘ၀ရဲ့ နေ့ရက်တွေက
အနုပညာနဲ့ပဲ ဖြတ်သန်းစီးဆင်းနေတော့၊ ဒီအကြောင်းအရာတွေပဲ အများစုပါမယ်။
ဓာတ်ပုံတွေက ပရိသတ်တွေ မတွေ့ဖူးသေးတဲ့ ဓာတ်ပုံအများစုကို ထည့်ပေးပါမယ်။

အနုပညာ ၀မ်းစာဖြည့်တင်းမှုအတွက် ဘယ်လိုနယ်ပယ်တွေကနေ ရှာဖွေရယူပါသလဲ။

ရုပ်ရှင်ဇာတ်ကားအခွေတွေ ကြည့်ရတာပေါ့။ နိုင်ငံတကာ ဇာတ်ကားတွေရုံတင်ရင်လည်း သွားကြည့်တယ်။ အရမ်းကောင်းတဲ့ ဇာတ်ကားဆိုရင်
ခဏခဏပြန်ကြည့်တယ်။ နောက်ဖက်ရှင်ဆိုရင် အာရှရော၊ အမေရိကားက ဖက်ရှင်တွေပါ
လေ့လာတယ်။ ခုနောက်ပိုင်းက ဖန်စီဝတ်တာထက် ကလပ်စီကယ်ပုံစံလေးတွေ
ခေတ်စားလာတော့ ကလပ်စစ်ကိုမှ ခေတ်ဆန်တဲ့ ပုံစံတွေစဉ်းစားပြီး လုပ်ထားတယ်။
အင်တာနက်ကလည်း ရှာပါတယ်။ အရမ်းကြိုက်ရင်လည်း Download လုပ်ယူပါတယ်။
အင်တာနက်ကဖေးကို တစ်ပတ်မှာ သုံးကြိမ်လောက်တော့ရောက်တယ်။ Coffee Circle
ဆိုင်မှာဆို ကျွန်တော်တို့ နှင်းဆီရင်ခွင်အဖွဲ့သားတွေ
နေ့တိုင်းလိုလိုရှိတယ်။

ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုအနေနဲ့ ဘာဇာတ်ကားတွေ ထပ်ရိုက်ဖို့ရှိလဲ

“ပန်းကြာဝတ်မှုန်”ဇာတ်ကားရိုက်မယ်။ ဦးသိန်းဟန်(ဖီးနစ်)နဲ့ တစ်ကားရိုက်ဖို့ရှိပါတယ်။ ပန်းကြာဝတ်မှုန်က ၁၉၈၁ခုနှစ်ဝန်းကျင်ကို
နောက်ခံထားတဲ့ဇာတ်ဆိုတော့ အဲဒီခေတ်ရဲ့ ဖက်ရှင်တွေ၊
ခေတ်စားခဲ့တဲ့စကားလုံးတွေက ဇာတ်ကို အဓိက ပံ့ပိုးပေးနိုင်မယ်လို့ ထင်ပါတယ်။
ခုနောက်ပိုင်းမှာ ဇာတ်က ရှားလာတဲ့အခါကျတော့ ပရိသတ်အတွက် ကြည့်ရတာ
ထိုက်တန်တဲ့ နေရာစုံလေးတွေပါတဲ့ Location အသားပေး ဇာတ်ကားလေးတွေကို
ကျွန်တော့်အနေနဲ့ ရိုက်ချင်တယ်။ ဒီဇာတ်ကားက ပုဂံ၊ ကလော
နေရာစုံတွေလည်းပါတော့ ပရိသတ်ကျေနပ်မယ်လို့ ထင်ပါတယ်။

“နှစ်သစ်နှင်းဆီ”နဲ့ အစ်ကိုတို့ထပ်ပြီး အောင်ပွဲခံနိုင်ခဲ့တယ်လို့ ဆိုရမလား။

ရလဒ်ကတော့ ကျေနပ်စရာကောင်းပါတယ်။ မင်းသားတွေ လူရွှင်တော်လုပ်တာဆိုတော့ တကယ့်လူရွှင်တော်ကြီးတွေနဲ့ မတူပေမယ့် ကလေးပရိသတ်တွေ ပိုကြိုက်ကြတာကို
တွေ့ရတယ်။ ကျွန်တော်တို့အရွယ်၊ ဖြတ်သန်းခဲ့တဲ့ ပုံစံက လူငယ်တွေနဲ့ပိုပြီး
နီးစပ်မှုရှိတာတော့ အမှန်ပါပဲ။
http://icenantaw.ning.com/forum/topics/2988160:Topic:478774
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။