Home » , , , » ရဟန်းတော် နှင့် နိုင်ငံရေး

ရဟန်းတော် နှင့် နိုင်ငံရေး

Written By မောင်စေတနာ on Thursday, March 22, 2012 | 12:08:00 PM


၃.၃.၂၀၁၂-ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှစ၍ ရဟန်းပျိုများ၏ နိုင်ငံရေး တက်ကြွစွာ ဆောင်ရွက်မှုများ အင်တာနက်၊ ဂြိုဟ်တုစလောင်း စသည့်သတင်းများ၌ ကျယ်ပြန့်စွာ တွေ့ရှိရပေသည်။

ဒီမိုကရေစီကို ချစ်မြတ်နိုးခြင်း၊ လူ့အခွင့်အရေးကို လိုလားတောင့်တခြင်း၊ တရားဥပဒေစိုးမိုးရေးကို လိုလားတောင့်တခြင်း စသောအခြေခံအကြောင်းတရားများကြောင့် တစ်ပွင့်တည်းသောကြယ်-တစ်ခုတည်း သော အိမ်မက်ဖြစ်သည့် “အောင်ဆန်းသွေးဇာနည်”ကို အင်တိုက်အားတိုက် ထောက်ခံကြိုဆိုကြခြင်း ဖြစ်ပေ သည်။

သို့သော် လူငယ်(ရဟန်းပျို)များဖြစ်သည့်အလျောက် စိတ်ခံစားမှုကို ဦးစားပေးကာ ပါးမှာစတေကာ ကပ်ခြင်း၊ နဖူးစည်းခြင်း၊ အလံကိုင်လွှင့်ခြင်း၊ ဗီနိုင်းများထောင်ခြင်း၊ ဓာတ်ပုံများမြှောက်တင်ခြင်းများပြုလုပ်၍ လွန်လွန်ကဲကဲ အားပေးလာကြသည်ကိုလည်း တွေ့ရပေသည်။

မီဒီယာများကလည်း လွန်ကဲသောအားပေးမှုများကိုသာ ဦးစားပေးဖော်ပြကြသဖြင့် ကျန်ရဟန်းသံဃာ များ ဂုဏ်သိက္ခာထိခိုက်ရလောက်အောင် ဣနြေ္ဒပျက်-အရှက်မဲ့စွာ အားပေးမှုများကို တစ်ကမ္ဘာလုံးက သတိ ထားမိကြပေသည်။

‘လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါဖြစ်သည်’ဟု ဆိုကြပါသည်။ ဘုရားလောင်းလည်း နိုင်ငံရေုးလုပ် ပါသည်။ ဓမ္မနှင့်အဓမ္မ၊ အနိုင်ကျင့်သူနှင့် အနိုင်ကျင့် ခံရသူ၊ ဖိနှိပ်သူနှင့်အဖိနှိပ်ခံရသူ ဘက်နှစ်ဖက်တို့တွင် ဓမ္မ ဘက်၊ အနိုင်ကျင့်ခံရသူများဘက်၊ အဖိနှိပ်ခံရသူ များဘက်မှ ရပ်တည်ကာ ဦးဆောင်ဦးရွက်ပြု၍ ကာကွယ် စောင့်ရှောက်ခြင်း၊ တော်လှန်ရင်ဆိုင်ခြင်းများ ပြုလုပ်ခဲ့သည့် ဇာတ်နိပါတ်တော်များ များစွာရှိပါသည်။

ဘုရားလည်း နိုင်ငံရေးလုပ်ပါသည်။ ၀ိဋဋူဘ၀တ္ထုကို ကြည့်ပါ။ နှစ်ပြည်ထောင်မင်းတို့ မြစ်ရေကြောင့် စစ်ခင်းမည့် အရေးကို ကြည့်ပါ။ ရာဇောဝါဒဇာတ်ကို ကြည့်ပါ။ မင်းကျင့်တရားဆယ်ပါး ဟောကြားတော်မူ ခဲ့သည်ကို ကြည့်ပါ။ စရိယသုံးပါးတွင် ဉာတတ္ထစရိယသည် အမျိုးသားနိုင်ငံရေးဖြစ်ပြီး၊ လောကတ္ထစရိယသည် အမျိုးသား နိုင်ငံရေးထက် ကျယ်ပြန့်သည့် ပြည်သူ့နိုင်ငံရေးဖြစ်ပါသည်။

နိုင်ငံရေးလုပ်ရုံနဲ့ အာပတ်မသင့်ပါ။ ဂြိုဟ်တုစလောင်းထောင်ခြင်း၊ လိုင်စင်မဲ့ကားစီးခြင်း၊ အတိုးအပွား ယူ၍ ငွေချေးခြင်း၊ အနေသနဖြင့် လာဘ်ရအောင်လုပ်ခြင်းတို့လို ဘုရားတားမြစ်ထားသည့် လုပ်ငန်းမဟုတ်ပါ။ ထို့ကြောင့် ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရတို့လို ရဟန်းသိက္ခာ ရဟန်းကျင့်ဝတ်နှင့်အညီ နိုင်ငံရေး လုပ်ကိုင်က ဘုရားအလိုတော်ကျမည်ဖြစ်ပါသည်။

ရဟန်းပျိုသံဃာများအနေဖြင့် ဓမ္မဘက်မှ ရပ်တည်သည်ကိုလည်းကောင်း၊ အဖိနှိပ်ခံပြည်သူ့ဘက်မှ ရပ်တည်သည်ကိုလည်းကောင်း၊ ဒီမိုကရေစီသဘောထားအရ ကိုယ့်ဆန္ဒနှင့်ညီသော ပါတီခေါင်းဆောင် အဖွဲ့အစည်းခေါင်းဆောင် မည်သည့်ပုဂ္ဂိုလ်မဆို လွတ်လပ်စွာ ထောက်ခံကြိုဆိုအားပေးသည်ကိုလည်းကောင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိပါသည်။ သို့သော် လွတ်လပ်စွာနှင့် စည်းကမ်းပျက်စွာ၊ တက်ကြွစွာနှင့် သရုပ်ပျက်စွာ ခွဲခြားတတ်ရပါမည်။

ဝီရသူလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးသော စာသင်သံဃာများ ငွေကြေး အခက်အခဲကြောင့် တက်ရောက်ခွင့် မရမည်ကို မလိုလား၍ ဒိုင်နာကား(၁၄)စီး ငှါး၍ ကြိုပို့စီစဉ်ပေးခဲ့ပါသည်။ ငွေလေးသိန်းခန့် ကုန်ကျပါသည်။ စည်းကမ်း မပျက်အောင်၊ ဆူပူမှုမဖြစ်အောင် မစိုးရိမ်နာယကများ၊ နာယကလောင်းလျာများက ကြပ်မတ်ဆောင်ရွက်ခဲ့သောကြောင့် မစိုးရိမ်သံဃာ နာမည် မပျက်ခဲ့ပါ၊ အရှက်မရခဲ့ပါ။

ရဟန်းတော်များ နိုင်ငံရေးမလုပ်ကောင်းဟု အခိုင်အမာ ယူဆထားသော မျက်လုံးတစ်ဖက်ကန်း နေသည့် ဒေ၀ဒတ်ဂိုဏ်းသားများလည်း မြောက်များစွာ ရှိနေသဖြင့် ၎င်းတို့ ထောက်ကွက် မရလေအောင် ကိုယ်ကျင့်သိက္ခာပြည့်ဝသော နိုင်ငံရေးကို ကိုယ်ကျင့်သိက္ခာ ပြည့်ဝစွာ ဆောင်ရွက်သင့်ပါသည်။

ရွှေဝါရောင်သံဃာတော်များ ရှေ့သွားရှိပါသည်။

အဓမ္မကို ဓမ္မဖြင့်၊ ဒေါသကို မေတ္တာဖြင့်၊ လက်နက်ကို ကလောင်ဖြင့် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တည်တည် ငြိမ်ငြိမ် သိက္ခာရှိရှိ တော်လှန်ရေးဆင်နွှဲကာ အသက်ကို စတေးသွားခဲ့သော ဘ၀ကို စတေးသွားခဲ့သော၊ အမျိုးဘာသာ သာသနာအတွက် သွေးစက်ချ၍ ပေးဆပ်သွားခဲ့သော အရှင်ကောင်း အရှင်မြတ်တို့ကို ငဲ့ညှာသင့်ပါသည်။

ရဟန်းတော်များအားလုံး ပြည်သူ့အတွက်၊ အမှန်တရားအတွက် အရှက်နှင့်သိက္ခာကို မစွန့်လွှတ်မူ၍ အသက်စွန့်ကာ ပေးဆပ်နိုင်ပါစေ။

ယုံကြည်ချက်နှင့် အသက်ရှင်ပါ။
ခံယူချက်နှင့် ရပ်တည်ပါ။
အသက်သွေးနှင့် ပေးဆပ်ပါ။
သရုပ်ပျက်နိုင်ငံရေးကို အားမပေးပါ။

ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး

e-mail.wirathu2012@gmail.com
ဖုန်း ၀၉-၂၀၀၄၀၁၃
၁၉.၃.၂၀၁၂

Source by :http://www.irrawaddyblog.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။