Home » , » ဘလော့ကာ မမအိန်ဂျယ်လှိုင် နှင့် အင်တာဗျူး အစီအစဉ် (http://angelhlaing.blogspot.com/)

ဘလော့ကာ မမအိန်ဂျယ်လှိုင် နှင့် အင်တာဗျူး အစီအစဉ် (http://angelhlaing.blogspot.com/)

Written By မောင်စေတနာ on Friday, February 10, 2012 | 4:30:00 AM




အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ ... ဒီတစ်ပတ် ဘလော့ကာ အင်တာဗျူး အစီအစဉ်လေးမှာ သုတရသ စာပေအကြောင်း ရေးသားနေတဲ့ အစ်မ တစ်ယောက်နဲ့ စာဖတ်သူများကို မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်နဲ့ မောင်နှမ အရင်းတွေလို ခင်တဲ့ အစ်မ တစ်ယောက်ဖြစ်ပါတယ်။ သူက ဘယ်သူလဲဆိုတော့ စာပေ အရေးအသား ကောင်းတဲ့ မမအိန်ဂျယ်လှိုင် ဖြစ်ပါတယ်။

သူ့ရဲ့ ဘလော့လေးနဲ့ သူ့ရဲ့ စာပေရေးသားဖြစ်ပုံလေးကို မေးကြည့်တဲ့အခါ .....

မင်္ဂလာပါ အစ်မ

အစ်မရဲ့ ဆိုက်လေးနဲ့ ပက်သက်ပြီး အင်တာဗျုးလေး မေးခွင့်ပြုပါ ခင်ဗျာ။

အင်း ... ရပါတယ် မောင်လေးရေ ....

မေး = ပထမဆုံး သိချင်တာလေးက အစ်မ သုတ ရသ စာပေနဲ့ ပက်သက်ပြီး ဘယ်တုန်းက စတင်ရေးဖြစ်လဲ ?

မမ ဆယ်တန်း ကျောင်းသူ လောက်ကတည်းက စရေးဖြစ်တာပါ။ အပျော်တမ်းပါပဲ။၂၀၀၉-၉လပိုင်း လောက်မှာ တော့ နိုင်ဆိုဒ်တွေ အသုံးပြုရင်း အွန်လိုင်းမှာ စာတွေ စရေးဖြစ်တာပါ။

မေး = စာပေရေးသားတဲ့ အပိုင်းနဲ့ ပက်သက်ပြီး အစ်မ ငယ်ငယ်ကလည်း ဝါသနာ ပါခဲ့တာပေါ့ ?

အင်း ... ပေါ့ ... အဲလိုပြောလို့ရပါတယ်။

မေး = အခုလက်ရှိ အစ်မက ကိုယ်ပိုင် ဘလော့လေးတစ်ခုကို ထောင်ထားပြီး စာရေးနေတယ် ဆိုတော့ ကိုယ်ပိုင် ဘလော့လေးကို ဘယ်တုန်း ကစတင် ပြုလုပ်ဖြစ်တာလဲ ?

ကိုယ်ပိုင် ဘလော့လေးကို 23/12/10 မှစလုပ်ဖြစ်တာပါ။

မေး = အစ်မရဲ့ ဘလော့လေးမှာ ဘယ်လို အကြောင်းအရာလေးတွေကို ဦးစားပေး ရေးသားဖြစ်လဲ ?

အမ ကိုယ်တိုင်ဖန်တီးတဲ့ သုတ ရသ စာပေတွေကို ဦးစားပေး ရေးဖြစ်ပါတယ်။

မေး = အစ်မရေးတဲ့ ရသ စာပေနဲ့ ပက်သက်ပြီး ဘယ်လိုခံစားပြီး ရေးသားဖြစ်လဲ ?

အမရဲ့ စိတ်ကူးလေးတွေ ဖန်တီးတာမျိုး ၊ အမရဲ့ ဖြတ်သန်းခဲ့ ရတဲ့ ဘဝတွေပေါ်မှာ အခြေခံတာမျိုးနဲ့ အသိမိတ်ဆွေ ရင်ဖွင့်ပြောပြတဲ့ ခံစားချက်တွေကို ပုံဖော်ကြည့်တာမျိုးလေး ရေးသားဖြစ်ပါတယ်။

မေး = စာပေ ရေးသားတဲ့ အပိုင်းနဲ့ ပက်သက်ပြီး ဘယ်လို စာတွေ ဖတ်တယ် မှတ်တယ် ဆိုတာ စာဖတ်သူများ သိအောင် အသေးစိမ် ပြောပြပေးလို့ရမလား ?

အမက အခု အွန်လိုင်းက လက်လှမ်းမီသမျှ စာတွေ လောက်ပဲ ဖတ်ဖြစ်တယ်။ အမစာဖတ်ရင် ဘယ်လိုစာ ဆိုတာမျိုးကို ရွေးမဖတ်ဖြစ်ပါဘူး လက်လှမ်းမီသမျှ စာတွေ အကုန်ဖတ်ဖြစ်ပါတယ်။ အဲလိုဖတ်ရင်းနဲ့ နစ်သက်စာတွေ တွေ့ရင် ဒေါင်းထားတာမျိုး ကော်ပီ ယူထားတာမျိုးတော့ ရှိတာပေါ့နော်။

မေး = ကိုယ်တိုင်ရေး ရသ စာပေတွေကို အစ်မရဲ့ ဘာလော့လေးမှာပဲ တင်ပေးဖြစ်လား ? တစ်ခြား အွန်လိုင်း စာမျက်နှာတွေမှာရော မျှဝေဖြစ်လား ?

အရင် ကတော့ နိုင်ဆိုဒ်(၂၀)ကျော်(၃၀)နီးပါးမှာ စာတွေ မျှဝေဖြစ်ပေမယ့် အခုနောက်ပိုင်း အချိန်မရလို့ အမ သိပ်မတင်ဖြစ်တော့ပါဘူး။



မေး = အစ်မရေးတဲ့ စာပေတွေထဲမှာ အိန်ဂျယ်လှိုင် ဆိုတဲ့ နာမည်လေးကို စတင်သိစေတဲ့ ပိုစ့်လေးကိုလည်း ဖြေကြားပေးစေလိုပါတယ်။

မမေ့နိုင်သော ဖြစ်ရပ်မှန် ဆိုတဲ့ ပိုစ့် လေးက အမကို အိန်ဂျယ်လှိုင်ရယ်လို့ စာဖတ်သူ အသိမှတ်ပြုပေးခဲ့တဲ့ပိုစ့် ဖြစ်သလို ဖော်ဝက်မေးလ် အနေနဲ့လည်း တော်တော်လေး ဖော်ပြခြင်းခံရတဲ့ ပိုစ့် လေးပါပဲ။

မေး = အစ်မရေးတဲ့ ဖြစ်ရပ်မှန် ပိုစ့်လေးနဲ့ ပက်သက်ပြီး အကြောင်းအရာ တစ်စိတ်တစ်ဒေသကို ပြောပြပေးလို့ ရမလား ?

အင်း ... အဲဒီပိုစ့် လေး ရဲ့ အဓိက ဇာတ်ဆောင်က ဦးဇင်းလေး တစ်ပါးနဲ့ လမ်းဘေးက ပိုက်ဆံလိုက် တောင်းစားတဲ့ ကောင်လေး တစ်ယောက်ကို အခြေခံ ရေးသားထားတာပါ။ ဦဇင်းလေးက နယ်က တက်လာမယ့် အသိမိတ်ဆွေ တစ်ယောက်ကို ကားဂိတ်ကနေ သွားစောင့်နေတဲ့ အချိန် စောင့်တဲ့သူက မလာပဲ ဦးဇင်းလေးက နေပူကျဲကျဲမှာ အကြာကြီး စောင့်နေတဲ့အချိန်။

ပိုက်ဆံတောင်းတဲ့ ကလေးလေးက ဦးဇင်းကို ကားခမရှိလို့ ကားစီးဖို့ အခက်ခဲ ရှိနေသူ ဦးဇင်းလို့ထင်သွားပြီး သူတောင်းလို့ ရထားတဲ့ ပိုက်ဆံထဲကနေ တစ်ဝက်ကို ဦးဇင်းရဲ့ လမ်းစရိတ်အဖြစ် ယူဖို့ပြောတဲ့အတွက် ... အဲဒီအခြေနေ နှစ်ခုကို ယှဉ်ပြတဲ့ ပိုစ့်လေးဖြစ်ပါတယ်။

ဦးဇင်းရဲ့ အတွေးနဲ့ တောင်းစားတဲ့ ကလေးလေးရဲ့ အတွေးနဲ့ အမြင်။ ပြီးတော့ ကလေးရင်ထဲက စာနာမှုတစ်ချို့နဲ့ စိတ်ထားလေးတွေကို ထင်ဟပ်အောင် ပုံဖော်ထားတဲ့ ပိုစ့် လေးလို့ ပြောရမှာပေါ့ .....

မေး = ရသ စာပေ စာရေးသူ တစ်ယောက်အနေနဲ့ အစ်မရဲ့ ကိုယ်ပိုင် အချိန်တွေကို ဘယ်လိုအသုံးချဖြစ်လဲ ?

အမက အခု အလုပ်တစ်ဖက်နဲ့ အဝေးရောက်နေသူ တစ်ယောက်ဆိုတော့ အမရဲ့ အားလပ်ချိန်တွေ တော်တော် များများကို စာရေးခြင်းနဲ့ စာဖတ်ခြင်းတွေမှာ အသုံးချဖြစ်တာ များပါတယ်။ စာရေး စာဖတ် လုပ်တာက အမရဲ့ ဝါသနာ လည်းဖြစ်သလို အမအတွက် စိတ်ထွေက်ပေါက်တစ်ခု အနေနဲ့နားခို အပန်းဖြေရာ တစ်ခုလို့လဲ ဆိုရမလိုပါ။

အမက စာရေးတာကို ရူးသွပ်တဲ့ သူတစ်ယောက်မို့ စာမရေးရ မနေနိုင်အောင် စွဲလမ်းသူ ဆိုရင်လည်း မမှားပါဘူး။ အမရဲ့ စာတွေကို အားပေး ဖတ်ရှုသူ မရှိသည့် ဖြစ်စေ ရှိသည် ဖြစ်စေ အမကတော့ ဝါသနာအရ ကိုယ်တိုင် ဖန်တီးနေရရင်ကို ကျေနပ်နေတက်သူဆိုတော့ အမရဲ့ အားလပ်ချိန် တွေက စာရေးစာဖတ်နဲ့ပဲ အချိန်ကုန်တာ များပါတယ်။

တစ်ခါလေ သီချင်း နားထောင်တာတို့ အခွေ ကြည့်တာတို့ကတော့ ရံဖန်ရံခါ စိတ်အပြောင်းအလဲ ဖြစ်အောင် လုပ်တာပါ။ တစ်ကယ်ဆို အမ ရုပ်ရှင် တစ်ကားပြိးအောင် ကြည့်ဖို့ စိတ်မရှည်တက်သူ ပါ။ စာအုပ်ဆိုရင်တော့ ဘယ်လောက် ထူထူ အမ လက်မလွတ်တမ်း ဖတ်တက်သူ ဆိုပါတော့။



မေး = လူတိုင်းမှာ ရည်ရွယ်ချက်တွေ ရှိကြပါတယ်။ အစ်မရဲ့ အနာဂတ် ရည်ရွယ်ချက်လေးကို ပြောပြပေးပါဦး

ရည်ရွယ်ချက်တဲ့ သူများတွေ အတွက် ရယ်စရာ ဟာသ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဘယ်တက်နိုင့်ပါမလဲနော် အမရူးသွပ်တဲ့ အမရဲ့ ရည်မှန်းချက် နှစ်ခုရှိတယ်။ တစ်ခုက စာရေးဆရာမ ဖြစ်ချင်တာရယ် နောက်တစ်ခုက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်ချင်တာလေ။ နည်းနည်း ရူးသွပ်တဲ့ ည်ရွယ်ချက်တွေ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အမအတွက်တော့ လုံးဝ အားမလျှော့စတမ်း ကြိုးစား သွားချင်တဲ့ ရည်ရွယ်ချက်လေးပါပဲ မောင်လေးရေ။

မေး = အစ်မရဲ့ကောင်းခြင်း ဆိုးခြင်း ခံစားချက် တစ်ချို့ကိုလည်း ပြောပြပေးပါဦး

အမက ကိုယ်ကိုကိုယ်မို့ ပြောတာမဟုတ်ပါဘူး အပြင်လူတွေနဲ့ဆို ဆက်ဆံရေး တအားကောင်းတက်ပြီး အိမ်ကမိသားစု ပေါ်မှာတော့ နည်းနည်းဆိုးပါတယ်။ အကောင်းအဆိုးဒွန်တွဲနေတက်တဲ့ အထဲက တစ်ချို့ခွဲထုတ်ပြရမယ်ဆိုရင် အမက အခုအဝေးရောက်နေတဲ့ အတွက် အစားသောက် မရွေးတက်ဘူး ကြုံသလို စားတက်တယ်။ သူများတွေနဲ့ လိုက်လျှော ညီထွေဖြစ်အောင်နေတက်တယ်။ ဆိုးတဲ့ ဘက်ကဆို အမ စိတ်ဓါတ် ကျလွယ်တာပါပဲ။ တစ်ခါတစ်လေ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ စိတ်ဓါတ်ကျတဲ့ အထိ ခံစားမှု နည်းနည်းပြင်းထန် တက်တာက မကောင်းဘူးလို့ ပြောရမယ် ထင်တယ် ။



မေး = အစ်မရေးဖြစ်တဲ့ သုတ ရသ စာပေနဲ့ပက်သက်ပြီး စာအုပ်ထုပ်ဖို့ရော အစီအစဉ်ရှိလား ?

အခု လက်ရှိတဲ့ အမရေးဖြစ်တာလေးတွေက ဝထ္ထုတို သက်သက်တွေများ ပါတယ်။ စာအုပ် ထုတ်ရလောက်အောင်ထိတော့ မမျှော်လင့် ရဲသေးပါဘူး။ ပြီးတော့ အမက အခုအဝေး ရောက်နေသူ တစ်ယောက်မို့ တစ်ချို့ လုပ်ချင်တဲ့ ဆန္ဒတွေဟာ လုပ်နိုင်တဲ့အခွင့်ရေးတွေနဲ့ တော်တော်လေး ဝေးနေသေးတယ် မောင်လေးရ။

ဘာပဲ ဖြစ်ဖြစ် အမကတော့ ကြိုးစားနေအုံးမှာပါ။ ချက်ချင်းကြီး မဖြစ်လာရင်တော့ မဝေးတော့တဲ့ တစ်နေ့နေ့မှာ အစ်မ ရည်မှန်းချက်တွေ အကောင်ထည် ပေါ်ဖို့ မျှာ်လင့်ပါတယ်။

မေး = အခုလက်ရှိ ကိုယ်တိုင်ရေး ပိုစ့်တွေ ဘယ်လောက်ရှိနေပြီလဲ ?

သေချာတော့ စုစုပေါင်း ၁၅၀ ဝန်းကျင်လောက်တော့ ရှိမယ် ထင်တယ်မောင်လေး။ သေချာတော့ မသိဘူး မှန်းပြောကြည့်တာ ၁၀၀ လောက်တော့ ရှိမယ် ထင်တာပဲ ...

မေး = အစ်မက ရသစာတွေ ကို အဓိက ရေးသားဖြစ်တယ် ဆိုတော့ ချစ်သူတွေချစ်ခြင်း ၁၅၀၀ နဲ့ မိသားစုချစ်ခြင်း ၅၂၈ နဲ့ ပက်သက်ပြီး အစ်မရဲ့ အမြင်လေး ခံယူချက်လေးတွေလည်း အမှတ်တရ ပြောပြပေးပါဦး ...

အမက မိသားစု ချစ်ခြင်းမေတ္တာကို တန်ဖိုးထား အလေးထားသူ တစ်ယောက်ပါ။ အမက သာမန်မိသားစုလေးမှာ ကြိးပြင်းခဲ့ရသူ ပီပီ နွေးထွေးတဲ့ မိဘရင်ခွင်ကို တန်ဖိုးတယ်ဆို ပိုမှန်ပါတယ်။ ၁၅၀၀ ဆိုတဲ့ ချစ်ခြင်းနဲ့ ၅၂၈ မေတ္တာတွေက အရမ်းကို ကွာဟ ပါတယ်။ ရှုထောင့်မျိုးစုံ ကပဲကြည့်ကြည့် ပေးစပ်ရယူခြင်းတွေက ရှုထောင့်မတူဘူးလို့ ပြောလို့ ရတယ်လေ။

ရေကို ဓါးနဲ့ ခြားလို့ မရဆိုသလို ၅၂၈ မှာ ပြတ်စဲခြင်းဆိုတာ မရှိနိုင်ပေမယ့် ၁၅၀၀ ဆိုတဲ့ ချစ်ခြင်းမှာတော့ ကတိတစ်ခု ဒါမှမဟုတ် သစ္စာ၊ ဒါမဟုတ်မဟုတ် အမှားအယွင်း တစ်ခုခု ဒါမှမဟုတ် စာချုပ် စာတမ်း အဲဒါတွေ ပျက်စီးသွားတာနဲ့ ကျောခိုင်းသွားလို့ ရနိုင်တဲ့မေတ္တာ တရားလေ။ ဘာပဲ ဖြစ်ဖြစ် အမက မိသားစု ချစ်ခြင်းမေတ္တာကို တန်ဖိုးထား ချစ်မြတ်နိုးရတာကိုပဲ ရွေးချယ်ဖြစ်မယ် ထင်ပါတယ်။

မေး = နောက်တစ်ခု မေးချင်တာက အစ်မရဲ့ အချစ်ရေး ကိစ္စပါ။ အချစ်ကို ဘယ်လိုနားလည် ထားပါသလဲ ?

အစ်မ အတွက်တော့ ချစ်ခြင်းမေတ္တာ အတွက် အရေးကြိးဆုံးက နားလည်မှုပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ခံယူချက်တွေ အယူဆတွေ ဆိုတာ မတူနိုင်ပါဘူး။ ဒီလိုပဲ ကြီးပြင်းခဲ့ ရတဲ့ ဘဝတွေလဲ မတူနိုင်ပါဘူး။ လက်တွေတောင် အတိုအရှည် မညီကြတဲ့ ဘဝတွေမှာ လူနှစ်ယောက် အရာရာ ထပ်တူ ကျနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

တစ်ယောက်ကို တစ်ယောက် ချစ်ခြင်း မေတ္တာမှာ အခြေခံပြီး နားလည်မှု ထားနိုင်မှသာ ပျော်ရွင်ချမ်းမြေ့တဲ့ ချစ်ခြင်းမေတ္တာကို ရရှိမယ်လို့ နားလည်ထားပါတယ်။ တစ်ကယ် လက်တွေ့မှာတော့ အမလည်း အရာရာ ကြိုးစားနေရဆဲ အနေအထားပါ မောင်လေးရေ။



မေး = ဘလော့ကာ တစ်ယောက်ရဲ့ ခံယူချက် ခံစားချက်လေးတွေကို စာဖတ်သူများ ဗဟုသုတ ရအောင် ဖြေကြားပေးစေလိုပါတယ်။

အရင် စာတွေ စရေးစတုန်း ကတော့ အမက ရေးချင်တာ တစ်ခုပဲ သိပါတယ်။ စာဖတ်သူ တစ်ယောက် အနေနဲ့ အကျိုးမဲ့ သွားမလား အချိန်ကုန် သွားမလား အဲဒါမျိုးတွေ မစဉ်းစား ခဲ့မိပါဘူး။ အစ်မ အနေနဲ့ ပေါ့နော်။ ရေးချင်တာ ရေးလိုက်တာ အဲဒီလိုမျိုး ပေါ့နော်။

အခု နောက်ပိုင်းတော့ စာရေးတဲ့ နေရာမှာလည်း နေသားနည်းနည်း ကျလာသလို စာဖတ်သူ တစ်ယောက်ရဲ့ လိုအင်တွေကိုပါ ဘက်စုံတွေးတက် လာတယ်လို့ ပြောရမယ်။ ကိုယ်ဖန်တီး ထားတဲ့ ရသစာပေတွေ ပေါ်မှာ စာဖတ်သူ အချိန်ကုန် အကျိုးမဲ့ စေတာမျိုး အတုယူလွယ်မှားစေသွား နိုင်တာမျိုးတွေလည်း ခုနောက်ပိုင်း အမအနေနဲ့ ဆင်ခြင် တွေးတော ဖြစ်တယ်လေ။

ကိုယ်ဘာသာ ဝါသနာပါလို့ ဖန်တီးတယ် ဆိုပေမယ့် စာဖတ်သူ အနေနဲ့ ဘာမှအကျိုးမရှိစေခဲ့ဘူး။ ဆိုရင်တောင် မှားယွင်းတဲ့ အယူအဆနဲ့ တခြားသော မှားယွင်းမှုမျိုးတွေ အတုယူစရာ မျိုးမဖြစ်အောင် ဆင်ခြင် ရေးသားရပါတယ် လို့ ခံယူထားပါတယ်။



မေး = အခုလို မြန်မာဘလော့တွေ ပေါများလာတာနဲ့ ပက်သက်ပြီး အဆိုး အကောင်း ကိစ္စများကို အစ်မရဲ့ အမြင်လေး ပြောပြပေးနိုင်မလား ?

အမအမြင်ဆို စာရေးသူ၊ စာဖတ်သူ တော်တော်များများ တွင်တွင် ကျယ်ကျယ် အသုံးပြုလာတဲ့ မြန်မာ ဘလော့ဂါ လောက မှာ ဘလော့ဂါတွေ အများကြိး ပေါ်ထွက်လာတာ နည်းပညာအရရော ဝါသနာပါသူတွေအတွက် လွတ်လပ်စွာ ဖန်တီးနိုင်ခွင့် ရှိတဲ့အတွက်ရော အားလုံးပေါ့လေ အကောင်းဘက်ကိုပဲ တွေးပြီး မြင်ပါတယ်။ မြန်မာစာပေ ကို အင်တာနက်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တာကို ကြည့်ခြင်းအားဖြင့် ဘာပဲပြောပြော ဂုဏ်ယူ ဝမ်းမြောက်စရာပါပဲလေ။

မေး = အစ်မ လေးစား အားကျတဲ့ ဘလော့တွေ ဘလော့ကာတွေကို ပြောပြပေးပါဦး ?

အင်း အများကြီးပဲ အဲလိုနာမည် ရေရွတ်ပြရမယ် ဆိုရင်တော့ ဘလော့ထဲက ဘလော့ဂါ စီနီယာတွေ အကုန်လုံးလို့ ပြောရမှာပါပဲ။ အဲဒီထဲကမှ ရသစာပေတွေ အစဉ်တစ်စိုက် ရေးသားဖြစ်တဲ့ မလေးလို့ ချစ်စနိုးခေါ်ကြတဲ့ မမ အိမ်ချမ်းမြေ့၊ မမမြသွေးနီနဲ့ ၊ မမ ခင်လေးငယ် သူတို့တွေက အမအရမ်း အားကျရတဲ့ စာရေးသူ ဘလော့ဂါ မမတွေပေါ့။

နောက်ပြီး အကို မြစ်ကျိုးအင်းနဲ့ အကိုဆူးသစ် အကိုဇေယျ အကို သတိုး အခုနောက်ပိုင်း ရသစာပေနဲ့ ဘလော့ထဲမှာ ဝင်ရောက်လာတဲ့ မြတ်(မြတန်ပန်းနွယ်) ရသစာပေဘက်ကို ဦးစားပေး ကြတဲ့ သူတွေပေါ့လေ။ နောက် နာမည် မဖော်ပြပေမယ့် အများကြီးပါပဲ။ တစ်ယောက်တစ်မျိုးစီ ရေးဟန်တွေကလည်း လေးစား အတုယူ ဖွယ်တွေ ပါပဲ။

မေး = အစ်မရဲ့ စာဖတ်သူ မိတ်ဆွေများ အတွက် အစ်မပြောချင် အသိပေးချင်တဲ့ အမှတ်တရ ဖြစ်စေမဲ့ စကားလက်ဆောင်လေး ပြောပေးပါလား ?

အမက စာရေးတဲ့ အတတ်ပညာကို တက်လို့ နားလည်လို့ ဘလော့ ရေးနေသူ တစ်ယောက်မဟုတ်ပါဘူး။ အမ ဝါသနာပါလို့ဝါသနာအရ ဖန်တီးတဲ့ ရသစာပေတွေကို ရေးသားသူ ဝါသနာရှင် တစ်ယောက်ပါလို့ ပြောချင်ပါတယ်။ အစ်မရေးတဲ့ ရသစာပေတွေမှာ အကောင်းအဆိုးတွေ အများကြီး ဒွန်တွဲနေနိုင်သလို အမှားတွေလည်း အများကြီး ပါဝင်နေမှာပါ။

အခုချိန်မှာ အမက ပညာသင်ယူနေဆဲ လူတစ်ယောက်မို့ စာဖတ်သူ တစ်ယောက်ကပဲ ဖြစ်ဖြစ် စာရေးသူ ဘလော့ဂါမောင်နှမတွေ ထဲကပဲ ဖြစ်ဖြစ် အမရဲ့ အမှားတွေကို ဝေဖန် ပြုပြင်ပေးဖို့ အမက ဖိတ်ခေါ် ချင်ပါတယ်။ ဘယ်လို ဝေဖန်မှုမျိုးမဆို အမှားအယွင်းမရှိ အမ လက်ခံဖို့ အဆင်သင့်ပါ။ ခုချိန်ထိလည်း အမရဲ့ အမှားတွေကို ပြုပြင်ပေးနေကြတဲ့ မောင်နှမတွေ အများကြီးပါ။

သူတို့ တွေကြောင့်လည်း အမှားထဲက အမှန်မြင် ဆိုသလို အမှားနည်းသထက် နည်းအောင်လည်း အမ ပြင်ဆင်လာနိုင် ခဲ့ပါတယ်။ အမအနေနဲ့ အမဖန်တီးတဲ့ စာတွေနဲ့ ပတ်သက်လို့ မည်သူမဆို လွတ်လွပ်စွာ ဝေဖန် အကြံပြုပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဝါသနာ ရေးသားတဲ့ အမရဲ့ စာတွေကို ကောင်းတယ် မကောင်းဘူး အသာထား မမ စာရေးချင်စိတ် ပျောက်မသွားအောင် အမြဲအားပေးကြတဲ့ မောင်နှမတွေကို ဒီနေရာလေးကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။

မေး = အစ်မရေးတဲ့ ရသ စာပေနဲ့ ပက်သက်ပြီး ဝေဖန်အကြံပေးမယ်ဆိုရင် ဘယ်လို ဆက်သွယ်ရမလဲ ?

http://angelhlaing.blogspot.com/ ဘလော့လေးနဲ့ အမြဲသုံးနေတဲ့ anglehlaing@gmail.com ကနေ ဆက်သွယ် ဝေဖန် အကြံပေးလို့ ရပါတယ်။

အခုလို မောင်လေး မေးသမျှကို အချိန်ပေး ဖြေကြားပေးသော အစ်မ အိန်ဂျယ် ဒီထက်မက တွေးနိုင်ရေးနိုင်ပြီး အစ်မ ရည်ရွှယ်သော စာရေးဆရာမ တစ်ယောက် ဖြစ်ပြီး စာပေအပိုင်း တစ်ထောင့် တစ်နေ့ရာမှ အသိ ပညာပေးနိုင်သူ တစ်ယောက် ဖြစ်ပါစေ ခင်ဗျာ။

ဟုတ် ... ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။ မောင်လေး လည်း ဒီထက် အောင်မြင်ပါစေနော် ...




http://angelhlaing.blogspot.com/ နေရာလေးမှာ အစ်မ အိန်ဂျယ်လှိုင် ရေးသား ထားသော သုတ ရသ စာပေများကို ဝင်ရောက် ဖတ်ရှုနိုင်ပါကြောင်း ပြောကြားရင်းနဲ့ ဒီတစ်ပတ် ဘလော့ကာ အင်တာဗျူး အစီအစဉ် လေးကို ဒီနေရာမှာပဲ ရပ်နားခွင့် ပြူပါလို့ အသိပေး ပြောကြားရင်း နောက်တစ်ပတ်မှာ ပြန်ဆုံမယ်ဗျာ ....

စာဖတ်သူများ အတွက် အကောင်းဆုံး ကြိုးစား တင်ဆက်ပေးလျှက်

Share this article :

3 comments:

Anonymous said...

အတာဗျူး အမေးဖြေလေးဖတ်သွားပါတယ်ဗျာ..ကိုနေရေ..အဲ့တာ ဟို နိုင်းဆိုဒ်တွေမှာ နာမည်ကြီးနေတဲ့ သူလား..ခင်ချင်လို့  အက်လိုက်မယ်နော်...သူရေးတဲ့ကဗျာတွေက ကောင်းတယ်ဗျ...

နှင်းလဲ said...

ဖတ်သွားပါတယ် ကောင်းတဲ့ဗျးလေးတစ်ခုပါ။ အားပေးနေပါတယ်။

အောင်သူဝင်း said...

ဖတ်သွားပါတယ် ...
ဝင်ဖတ်ပါ့မယ် အခုလို အသိပေးလို့
ကျေးဇူးပါနော် ...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။