Home » » သရုပ်ဆောင် လင်းဇာနည်ဇော်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် လင်းဇာနည်ဇော်နှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Wednesday, February 1, 2012 | 7:00:00 PM



အကယ်ဒမီပွဲမတိုင်မီ တစ်ကြိုခန့်မှန်းချက်များ ထွက်ပေါ်လာချိန်တွင် ပရိသတ်နှင့် အချိန်အတိုင်းအတာ တစ်ခုထိဝေးကွာသွားပြီးနောက်မှ ပြန်လည်လှုပ်ရှားလာသူ တစ်ဦးဖြစ်သည့် သရုပ်ဆောင် လင်းဇာနည်ဇော် သည်လည်း ‘အငိုမျက်လုံးအပြုံးမျက်နှာ’ ဇာတ်ကားနှင့် တစ်ကြိုခန့်မှန်းခံရသည့် သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်လာခဲ့သည်။

အငြိမ့် မင်းသမီးဘ၀ကို ၀ါသနာပါ မြတ်နိုးသည့်အတွက် အစ်ကိုဖြစ်သူတားမြစ်သည့် ကြားကပင် ကပြခွင့် ရရန်ကြိုးပမ်းသူ၊ တွယ်တာရသည့် အစ်ကိုဖြစ်သူက မိမိကြောင့် သေဆုံးရသည့် အခါ ၀မ်းနည်းကြေကွဲရသော်လည်း မိမိစိတ်ခံစားမှုကို ခဏတာ မေ့ဖျောက်၍ အနုပညာရှင်ပီသစွာဖြင့် ပွဲပြီး အောင်ကပြခဲ့ရသူ တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သူ လင်းဇာနည်ဇော်၏ အကယ်ဒမီရင်ခုန်သံ စကားအချို့အားလည်း တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါသည် . . .

မေး- အငိုမျက်လုံးအပြုံးမျက်နှာ ဇာတ်ကား နဲ့မလင်းကို အကယ်ဒမီမှန်းပေးနေကြတယ် ဆိုတော့ အဲဒီကား ရိုက်ကူးစဉ်က အတွေ့အကြုံလေးတွေကို အရင်ဆုံးပြောပြပေးပါလား။

ဖြေ- အတွေ့အကြုံကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ကားကြီးကွာတာပဲ ရှိပါတယ်။ မောင်နှမဇာတ်ရုပ်ဆိုတာ ကလည်း ဒီလိုပဲရိုက်နေကြတာဆိုတော့ ထူးထူးခြားခြားတော့ မရှိပါဘူး။ ထူးခြားတာဆိုလို့ အကပိုင်း ကို မလင်းက ကျွမ်းကျွမ်းကျင်ကျင် မရှိတဲ့အတွက် အကပိုင်းမှာအား စိုက်ထုတ်လိုက်ရတယ်။ အဲဒါလေး ကတော့ သေချာလေးပြင်ဆင် လိုက်ရတာပေါ့နော်။ ကြိုးစားမှုအပိုင်း ကတော့ အရင်ကားတွေလိုပဲ ကိုယ်လုပ်တတ်သမျှနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တာပဲလေ။ မလင်း တို့ အနုပညာသမားတွေဆိုတာက ဇာတ်ကားရိုက်နေတဲ့ အချိန်တုန်းမှာ ကိုယ်ဘယ်လောက် လုပ်နိုင်မလဲ၊ လုပ်နိုင်သလောက်တော့ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ကြတာပါပဲ။ ဆုတို့ဘာတို့ဆိုတာက နောက်ပိုင်းကျမှသာ မျှော်လင့်ကြ၊ ရင်ခုန်ကြ တာလေ။ မလင်းလည်း အကောင်း ဆုံးဖြစ်အောင် လုပ်ခဲ့တဲ့သဘောပဲ ရှိပါတယ်။

မေး- ဒီကားရိုက်ပြီးလို့ ကိုယ့်ဘာသာ ပြန်ကြည့်တဲ့အချိန်မှာရော ရာနှုန်းပြည့်ကျေနပ်လား။

ဖြေ- အဲဒါကတော့ အခုချိန်ထိ ကိုယ်ကပဲ အသုံးမကျတာလားတော့ မသိဘူး။ လုပ်ခဲ့ပြီးသွားလို့ ပြန်ကြည့်ရင် လိုအပ်နေတာချည်းပဲ။ ဒီနားမှာဒီလိုလေး လုပ်လိုက်မိရင် ကောင်းသား၊ ဒါလေးကတော့ ပိုသွားတယ် ဆိုတာမျိုးကတော့ ဖြစ်နေကျပါပဲ။ ဒီကားမှာလည်း ပြန်ကြည့်တဲ့အခါ အဲဒီလိုဖြစ်တဲ့ နေရာလေးတွေပါပါတယ်။

မေး- ဒီကားနဲ့ မလင်းအတွက်ကို ရင်ခုန်ပေး ကြတယ်ဆိုတဲ့ အပေါ်မှာရော ဘယ်လိုခံစားရလဲ။

ဖြေ- အရမ်းကိုဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ မလင်းအတွက်က ပရိသတ်မေတ္တာကို အရမ်းကို လိုအပ်နေပါပြီ။ အခုချိန် မှာ အသက်အရွယ်အရရော၊ အချိန် အခါအရပါ ပရိသတ်တစ်ယောက်ရဲ့ မေတ္တာရဖို့ပါ အရမ်းကိုလိုအပ်တယ်လို့ ဆိုလို့ရပါတယ်။ ဒီလိုလေး ကိုယ့်အပေါ် မေတ္တာထားတယ်၊ စေတနာ ထားတယ်ဆိုတာနဲ့တင် အရမ်းကို ကျေနပ်ဖို့ကောင်းနေပါပြီ။

မေး- ဒါဆိုရှေ့ဆက်မယ့် အနုပညာ လုပ်ငန်းတွေ အတွက် ခွန်အားတွေရလာတယ်လို့ ဆိုလို့ရလား။

ဖြေ- ပြောခဲ့သလိုပါပဲ၊ အခုချိန်မှာ မလင်းတို့ အသက်အရွယ်အရရော၊ လုပ်ပိုင်ခွင့်ရတဲ့ အနေအထားနဲ့ရော တွက်ကြည့်မယ်ဆိုရင် ပရိသတ် မေတ္တာက အဓိကခွန်အားပါ။ ဒါကြောင့် အခုလိုစကားသံလေးတွေ ကြားရတာနဲ့တင် ခွန်အားတွေ အများကြီးရလာတယ်လို့ ပြောလို့ရပါတယ်။

မေး- အရင်နှစ်တွေက အကယ်ဒမီပွဲတက်ရတဲ့ ခံစားမှုနဲ့ အခုနှစ် အကယ်ဒမီပွဲတက်ရတဲ့ ခံစား မှုဆိုရင်ရော ဘာကွာမလဲ။

ဖြေ- အရင်နှစ်တွေတုန်းကတော့ ကိုယ့်မောင်နှမ အနုပညာရှင်တွေအတွက် ရင်ခုန်ပေးဖို့ သွားတက်တာပေါ့ နော်။ ဒီနှစ်ကတော့ ကိုယ့်ကားလေးလည်း ပါနေတဲ့အခါကျတော့ ကိုယ့် မောင်နှမတွေအတွက်ရော၊ ကိုယ့်အတွက်ရော ရင်ခုန်ရပါတယ်။ ပိုပြီး ရင်ခုန်နေတာပေါ့လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစားတဲ့သူတွေ အကုန်လုံး ကို ရစေချင်ပါတယ်။

မေး- အနုပညာ သက်တမ်းနှစ်တွေ အကြာကြီး ဖြတ်သန်းပြီးချိန်မှာ ပြန်သုံးသပ်မယ်ဆိုရင်ရော ကျေနပ်လား။

ဖြေ- ၁၉၈၉ ခုနှစ်လောက်ကတည်း က ဒီလောကထဲကို ၀င်လာခဲ့တာပါ။ ကြားထဲမှာတော့ ခဏအဆက်ပြတ် သွားသေးတယ်။ အခုတော့ တစ်ကျော့ပြန် ပြန်လုပ်တဲ့အချိန်ပေါ့လေ။ ကျေနပ်လားဆိုရင်တော့ ကိုယ်လုပ်နိုင်သလောက်ကို ရောင့်ရဲတင်းတိမ်ပါတယ်။ မျှော်လင့်ထားသလောက် ဖြစ်လာတာ တွေလည်းရှိသလို မဖြစ်ခဲ့တာတွေလည်း ရှိတာပေါ့လေ။

မေး- ဗီဒီယိုခေတ်ဦးပိုင်း အချိန်တစ်ခု ကို ဖြတ်သန်းခဲ့တဲ့သူ တစ်ယောက်အနေနဲ့ ပြောင်းလဲ လာတဲ့ အခြေအနေတွေအပေါ်မှာရော ဘယ် လိုသုံးသပ်ချင်လဲ။

ဖြေ- မလင်း သိပ်အများကြီးတော့ မပြောတတ်ပါဘူး။ မလင်းတို့ ငယ်ငယ်ရိုက်ကူးတုန်းကတော့ အခု ခေတ်လောက် ယှဉ်ပြိုင်စရာမီဒီယာ ကဏ္ဍတွေ မများသေးဘူး။ အခုချိန်မှာတော့ ယှဉ်ပြိုင်ကြည့်စရာ မီဒီယာတွေ များလာတော့ ပိုပြီးကြိုးစားလာရတာ ပေါ့လေ။ အဲဒီလောက်ပဲမြင်ပါတယ်။ အစ်မအနေနဲ့ဆိုရင်တော့ ကိုယ့်အသက် အရွယ်နဲ့လည်း လိုက်ဖက်နိုင်တဲ့ ဇာတ်လမ်းပုံစံလေးတွေကို ရွေးချယ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပဲ စဉ်းစားထားပါတယ်။

မေး- အသက်အရွယ်ပိုင်းကို ထည့်စဉ်းစားမယ် ဆိုတဲ့အချိန်မှာ ဇာတ်ရုပ်ရွေးချယ်မှုမှာရော ထည့် စဉ်းစားဖြစ်လား။

ဖြေ- မလင်းတို့ အသက်အရွယ်ပိုင်း အရတော့ ဖန်စီပုံစံမျိုးတွေ သိပ်လုပ်လို့ ကောင်းတဲ့အရွယ်လည်း မဟုတ်တော့ဘူး။ မလင်းတို့ကို လာငှား ကတည်းက အိမ်ထောင်ရှင် ဇာတ်ရုပ်လိုမျိုး လိုက်ဖက်နိုင်တဲ့ ဇာတ်ရုပ်ကိုပဲလာငှားကြတာ များပါတယ်။ မလင်း ကိုယ်တိုင်ကလည်း ဒါကတော့ကိုယ်နဲ့ လိုက်မလိုက်၊ လုပ်သင့် မလုပ်သင့်ဆိုတာတော့ ပြန်ချိန်ရတာပေါ့။

မေး- သမီးလေးက အနုပညာပိုင်း မှာ ၀ါသနာပါတယ်ဆိုတော့ သူ့ရဲ့ဝါသနာပိုင်းကိုရော ဘယ်လိုပံ့ပိုးပေး သွားမလဲ။

ဖြေ- သမီးလေးက Grade 9 တက်နေတာ။ ပညာရေးအရအရေးပါတဲ့ အချိန်ကို ရောက်နေတယ်လို့ ဆိုရမှာပေါ့။ ပညာရေးအတွက်ပဲ ဦးစားပေး စေချင်သေးတယ်။ ဒါကြောင့် အခု လောလောဆယ်တော့ အနုပညာအလုပ်တွေကို ပေးမလုပ်သေးဘူး။ သူ့ပညာရေးလေးတွေ ဆုံးခန်းတိုင်မှပဲ သူတကယ်လို့ ၀ါသနာပါတယ်ဆိုရင် တတ်နိုင်သလောက် ပံ့ပိုးပေးဖို့ စဉ်းစားထားပါတယ်။

မေး- အကယ်ဒမီပွဲ မတိုင်ခင် ပရိသတ်ကို ပြောချင်တဲ့ စကားလက်ဆောင်များရှိလား။

ဖြေ- ပရိသတ်က အခုလိုရစေချင် တယ်ဆိုတဲ့ စကားသံလေးတွေ ကြားရတာနဲ့တင် ပီတိဖြစ်မိပါတယ်။ ရသည် မရသည်ကတော့ ကံတရား အတိုင်းပါပဲ။ အရမ်းကြီးတော့ မျှော်လင့်မထားပါဘူး။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။